နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့မှ ပြည်ပ နိုင်ငံများရှိ မြန်မာသံရုံးနှင့် အဖွဲ့ရုံးများမှ သံရုံးအကြီးအကဲများအား လက်ရှိဖြစ်ပေါ်တိုးတက်လျက်ရှိသော နိုင်ငံရေးအခြေအနေများနှင့် ဆောင်ရွက်ချက်များအား အသိပေးရှင်းလင်းတင်ပြဆွေးနွေးခြင်း

(၁၃-၈-၂၀၂၁ ရက်၊ နေပြည်တော်)

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၁၃-၈-၂၀၂၁ ရက် (သောကြာနေ့) (၁၆း၀၀) နာရီအချိန်၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဉီးကိုကိုလှိုင်တို့ဦးဆောင်၍ ဒေသစံတော်ချိန်ကွာခြားမှုအရ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဇုန်၊ ဥရောပဇုန်၊ အမေရိကဇုန်နိုင်ငံများရှိ မြန်မာသံရုံးနှင့် အဖွဲ့ရုံးများမှ မြန်မာသံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးအကြီးအကဲများအား Video Conferencing စနစ်ဖြင့် လက်ရှိဖြစ်ပေါ်တိုးတက်လျက်ရှိသော နိုင်ငံရေးအခြေအနေများနှင့် ဆောင်ရွက်ချက်များအား အသိပေးရှင်းလင်းခြင်း ညှိနှိုင်းအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးများနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီး ဉီးဝဏ္ဏမောင်လွင်နှင့် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့မှ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ဆောင်ရွက်ချက်များ၊ (၅၄) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပခဲ့ခြင်းနှင့် အစည်းအဝေးများတွင် မြန်မာနိုင်ငံ၏ ရပ်တည်ချက်များအား အသိပေးရှင်းလင်းပြောကြား၍ လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ပါသည်။ ထို့နောက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ သံအမတ်ကြီးများ၊ အမြဲတမ်းကိုယ်စားလှယ်များ၊ ကောင်စစ်ဝန်ချုပ်များနှင့် သံရုံးယာယီတာဝန်ခံများ၏ မေးမြန်းချက် များ၊ အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးခဲ့ကြပါသည်။

အာရှပစိဖိတ်ဒေသမှ သံရုံးအကြီးအကဲများနှင့် အလားတူ အသိပေးရှင်းလင်းခြင်း အစည်းအဝေးအား ၁၁-၈-၂၀၂၁ ရက်နေ့က ကျင်းပခဲ့ပြီးဖြစ်ပါသည်။