(၇-၈-၂၀၂၁ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့၊ ၁၇:၃၀ နာရီမှ စတင်၍ video conference ဖြင့် ကျင်းပပြုလုပ်သည့် (၂၈) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ တက်ရောက်ခဲ့ပါသည်။
(၂၈) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်ကို ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး (၂) Dato Erywan Pehin Yusof က သဘာပတိအဖြစ် ဆောင်ရွက်ပြီး အာဆီယံဒေသဆိုင်ရာဖိုရမ် (အေအာရ်အက်ဖ်) အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ် တို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဝန်ကြီးများက ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဘုံအကျိုးစီးပွားနှင့် အရေးကိစ္စများတွင် အပြုသဘောဆောင်သည့် ဆွေးနွေးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် အဓိကဖိုရမ်တစ်ခုဖြစ်သည့် အေအာရ်အက်ဖ်သည် အလွန် အရေးကြီးကြောင်း၊ အေအာရ်အက်ဖ် ပေါင်းစည်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ဦးစားပေးကဏ္ဍ (၇) ခု ပါဝင်သော အေအာရ်ဖက်၏ အနာဂတ်လုပ်ငန်းစဉ်ဖြစ်သည့် အေအာရ်အက်ဖ်မျှော်မှန်းချက် စာတမ်းအား အကောင်အထည်ဖော်ခြင်းဆိုင်ရာ ဟနွိုင်း လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ခြင်း၏ တိုးတက်မှုများအပေါ် အားရကျေနပ်ကြောင်း၊ ယင်းဦးစားပေးနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းသည် ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့် သံတမန်နည်းလမ်းအရ ကြိုတင်ကာကွယ်ခြင်းကို အားပေးမြှင့်တင်နိုင်မည်ဖြစ်ပြီး အေအာရ်အက်ဖ်ကို အားလုံးငြိမ်းချမ်းစေပြီး ပိုမို ဦးစီး ဦးဆောင်ပြုနိုင်သည့်ဖိုရမ် ဖြစ်လာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ၆-၇-၂၀၂၁ ရက်နေ့တွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပူးတွဲဥက္ကဋ္ဌအဖြစ် ဗွီဒီယိုကွန်ဖရင့်စ်မှတစ်ဆင့် ပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက် အေအာရ်အက်ဖ် ကျွမ်းကျင်သူများအစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကို အစည်းအဝေးသို့ အသိပေးပြောကြားခဲ့ပါသည်။
ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည့် အကြောင်းအရင်း၊ အာဆီယံနိုင်ငံ့ ခေါင်းဆောင်များအစည်းအဝေး၏ တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် အခြေအနေ၊ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့က အထူးကိုယ်စားလှယ် ခန့်အပ်ခဲ့ခြင်းကိစ္စ၊ မြန်မာနိုင်ငံအနေဖြင့် အထူးကိုယ်စားလှယ်နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အေအာရ်အက်ဖ်အဖွဲ့ဝင်နိုင်ငံများက အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ခန့်အပ်ခြင်းကို ကြိုဆိုကြရာ၌ ၎င်းတို့၏ ပံ့ပိုးမှုများသည် အာဆီယံတူညီဆန္ဒ (၅) ချက်နှင့် မြန်မာနိုင်ငံမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်တို့ကို အထောက်အကူဖြစ်စေရန် အလေးပေးပြောကြားခဲ့ပြီး ယင်းထက် ကျော်လွန်ဆောင်ရွက်မှုများသည် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံတို့အတွက် အကူအညီဖြစ်မည် မဟုတ်ကြောင်း၊ အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးမှု (meaningful political dialogue) ဆောင်ရွက်ရန်ကိစ္စတွင် နိုင်ငံအတွင်း အကြမ်းဖက်မှုများ ကျူးလွန်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် တရားမဝင် အသင်းအဖွဲ့များ မပါ (မပါ) ဝင်သင့်ကြောင်း ထောက်ပြပြောဆိုခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက NUG နှင့် CRPH ကဲ့သို့ တရားမဝင်အဖွဲ့အစည်းများ၊ အကြမ်းဖက်အုပ်စုများထံမှ ငွေကြေးအကူအညီနှင့် အထောက်အပံ့များ ရယူထားသည့် People Defense Force (PDF) မှ အကြမ်းဖက်မှုလုပ်ရပ်များ ကျူးလွန်နေခြင်းကို အေအာရ်အက်ဖ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရှုတ်ချသင့်ကြောင်း ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ အာဆီယံ ပဏာမဆန်းစစ်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်ရာတွင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့ပြီး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်မှုကို အလေးထားပြောကြားလိုကြောင်းနှင့် အာဆီယံဒေသဆိုင်ရာ ဖိုရမ် အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွင် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား တိုက်တွန်းပြောကြားစေလို ကြောင်း မေတ္တာရပ်ခံခဲ့သည်။
(၂၈) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိကြီးများ လည်း တက်ရောက်ခဲ့ကြသည်။









