


(၁၉-၁၁-၂၀၂၁ ရက်၊ နန်နင်း)
၁။ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်း၊ သံမှူးနှင့် အဖွဲ့သည် တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်မှု၊ နေထိုင်မှု၊ အလုပ်လုပ်ကိုင်မှုတို့ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလိုသည့် မြန်မာနိုင်ငံသားဟု ထွက်ဆိုသူများအား နိုင်ငံသားစိစစ်၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရန်အတွက် နိုဝင်ဘာလ ၁၅ ရက်မှ ၁၇ ရက်နေ့အထိ ကွမ်တုန်းပြည်နယ်၊ ပြည်သူ့လုံခြုံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီး ကွမ်ကျိုးမြို့၊ တုန်းကွမ်မြို့၊ ဟွေ့ကျိုးမြို့၊ ရှန်းကျန့်မြို့၊ ချောင်ကျိုးမြို့တို့ရှိ ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံသားဟု ထွက်ဆိုသူ စုစုပေါင်း (၁၆၉) ဦးတို့အား ဗွီဒီယိုအင်တာဗျူး ပြုလုပ်ခဲ့ပါသည်။ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ကွမ်တုန်းပြည်နယ် ပြည်သူ့လုံခြုံရေးဦးစီးဌာန၏ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ တရုတ်နိုင်ငံကျန်းမာရေးဌာနအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံသား အတည်ပြုပြီးသူများအား ကိုဗစ်-၁၉ စစ်ဆေးမှုများ ပြုလုပ်၍ ကျန်းမာရေးဝန်ထမ်း၊ ရဲဝန်ထမ်းများ လိုက်ပါစောင့်ရှောက်လျက် နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံသားအတည်ပြုပြီးသူများအား လေယာဉ်စင်းလုံး ငှား၍ဖြစ်စေ၊ အသုတ်လိုက်ခွဲ၍ဖြစ်စေ ပြန်လည်ပို့ဆောင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

