တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် မြန်မာနိုင်ငံသား (၁၆၅)ဦး အား နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ယူနန်ပြည်နယ် လုံခြုံရေးဌာနနှင့် ညှိနှိုင်းဆောင်ရွက်

(၁၇-၁၁-၂၀၂၁ ရက်၊ ကူမင်း)

၁။ ကူမင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်နှင့် ကောင်စစ်အရာရှိများသည် တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရပြီး အထောက်အထားမရှိသဖြင့် မြန်မာနိုင်ငံသို့ ပြန်ရန်ခက်ခဲနေသည့် မြန်မာနိုင်ငံသားများအား နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ယူနန်ပြည်နယ်၊ အန်းနင်ထိန်းသိမ်းရေးစခန်း၌ သွားရောက်တွေ့ဆုံခဲ့ပြီး ထိန်းသိမ်းခံထားရသူ စုစုပေါင်း (၁၆၅) ဦးအနက် ကျား (၁၀၅) ဦး မ (၆၀) ဦးအား မြန်မာနိုင်ငံသားများအဖြစ် စိစစ်အတည်ပြုပေးခဲ့ပါသည်။ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် ယူနန်ပြည်နယ် လုံခြုံရေးဌာန၏ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ တရုတ်နိုင်ငံကျန်းမာရေးဌာနအနေဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးတို့အား ကိုဗစ်-၁၉ စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ပါကြောင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားတို့အား နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။