ဂျော်ဒန်နိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲကြုံတွေ့နေရသော မြန်မာနိုင်ငံသားများအား (၁၃) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ဖြင့် ထပ်မံပို့ဆောင်

(၂၂-၁၀-၂၀၂၁၊ တဲလ်အဗီး)

၁။ ကမ္ဘာနှင့်အဝှမ်း လတ်တလောဖြစ်ပွားနေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့တွင် အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ပြေးဆွဲမှုများ ယာယီရပ်ဆိုင်းထားသည့် ကာလအတွင်း၌ ဂျော်ဒန်နိုင်ငံတွင် အကြောင်း အမျိုးမျိုးကြောင့် အခက်အခဲများ ရင်ဆိုင်နေကြရသည့် မြန်မာနိုင်ငံသား (၁၄၃) ဦးတို့အား နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးမည့် (၁၃) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် (Relief Flight) ဖြစ်သည့် မြန်မာ့လေကြောင်း (Myanmar Airways International- MAI) ၏ လေယာဉ်ခရီးစဉ်သည် ဂျော်ဒန်နိုင်ငံ၊ အာမန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၂၁-၁၀-၂၀၂၁ ရက် (ကြာသပတေးနေ့)၊ ဒေသစံတော်ချိန် (၂၀၄၀) နာရီခန့်တွင် ပျံသန်းထွက်ခွာခဲ့ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ၂၂-၁၀-၂၀၂၁ ရက် (သောကြာနေ့)၊ ဒေသစံတော်ချိန် (၀၉၂၂) နာရီအချိန်တွင် အဆင်ပြေချောမွေ့စွာ ဆိုက်ရောက်ခဲ့ပါသည်။

၂။ အဆိုပါ(၁၃) ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်ဖြင့် Vega စက်ရုံမှ မြန်မာ နိုင်ငံသား (၉၂) ဦး၊ Century Miracle Jordan စက်ရုံမှ မြန်မာနိုင်ငံသား (၂၄) ဉီး၊ Rich Pine စက်ရုံမှ မြန်မာနိုင်ငံသား (၇) ဉီး၊ Sana စက်ရုံမှ မြန်မာနိုင်ငံသား (၁၆) ဦးနှင့် Sidney Apparels စက်ရုံမှ မြန်မာနိုင်ငံသား (၄) ဦး၊ စုစုပေါင်း မြန်မာနိုင်ငံသား (၁၄၃) ဦး လိုက်ပါသွားခဲ့ပြီး ခရီးသည်များအနေဖြင့် ခရီးစဉ်မတိုင်မီ (၇၂) နာရီအတွင်း Covid-19 ရောဂါ စစ်ဆေးမှုများကို ပြုလုပ်ခဲ့ပါသည်။

၃။ ရောက်ရှိလာသော မြန်မာနိုင်ငံသားများအား ကျန်းမာရေးစိစစ်မှု၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်းဆိုင်ရာ ကိစ္စရပ်များအပါအဝင် လိုအပ်သော လုပ်ငန်းစဉ်များဆိုင်ရာ အခန်းကဏ္ဍများအလိုက်အား သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ တာဝန်ရှိသူများက ဆောင်ရွက်ပေးခဲ့ပါကြောင်းနှင့် Gandamar Hotel နှင့် Yaw Min Gyi Facility Quarantine Center များသို့ အသီးသီး ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။