(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်(၁၀-၅-၂၀၂၆ ရက်၊ စီဘူး)

(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်မှ ၈ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေး များသို့ မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အာဆီယံထိပ်သီးအစည်းအဝေး(မျက်နှာစုံညီ)နှင့် အာဆီယံထိပ်သီးအစည်းအဝေး(သီးသန့်) တို့တွင် ဒေသတွင်းစွမ်းအင်ဖူလုံရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အရှေ့အလယ်ပိုင်းဒေသသို့ ရောက်ရှိ နေသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများ၏ ဘေးကင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် အစည်းအဝေးတွင် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် ဖြစ်ပေါ် လာသည့် ရေနံထောက်ပံ့မှုနှင့် ဈေးနှုန်း မတည်ငြိမ်မှု၏ သက်ရောက်မှုများကို စီမံခန့်ခွဲရန်နှင့် လျော့ပါးသက်သာစေရန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့် လတ်တလော ပထဝီနိုင်ငံရေး အကျပ်အတည်းများမှ ရရှိသည့် သင်ခန်းစာများ၊ အာဆီယံအသိုက်အဝန်းထူထောင်ရာတွင် ဖြစ်ပေါ် တိုးတက်မှုများ၊ အာဆီယံနှင့် ပြင်ပမိတ်ဖက်များအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ဒေသတွင်း စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံရေး အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ အာဆီယံ အသိုက်အဝန်းထူထောင်ရေးလုပ်ငန်းစဉ်များ၌ ပါဝင်ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးခဲ့ပြီး၊ မြန်မာအစိုးရသစ်၏ ဦးစားပေးလုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းအသိပေးခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီ ၇-၅-၂၀၂၆ ရက် တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၃၁) ကြိမ်မြောက် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီအစည်းအဝေး၊ (၃၈) ကြိမ်မြောက် အာဆီယံပေါင်းစပ် ညှိနှိုင်းရေးကောင်စီ အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး ဝန်ကြီးများ ပူးတွဲအစည်းအဝေးတို့သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
(၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် “မိမိတို့၏ အနာဂတ်ဆီ အတူတကွ လျှောက်လှမ်းချီ” ခေါင်းစဉ်အောက်တွင် ကျင်းပခဲ့ပြီး၊ အစည်းအဝေး၏ရလဒ်အဖြစ် ပင်လယ် ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံရေး၊ ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်ဒဏ် ကြံ့ကြံ့ခံနိုင်ရေး၊ ရွှေ့ပြောင်းလုပ်သားများအရေးတို့အပါအဝင် အာဆီယံမဏ္ဍိုင်(၃)ရပ်ရှိ ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန်လုပ်ငန်းစဉ်များ၊ ကတိကဝတ်များပါဝင်သည့် စာရွက်စာတမ်းစုစုပေါင်း (၁၈)ခုကို မှတ်တမ်းတင်၊ အတည်ပြု၊ ထုတ်ပြန်ခဲ့ပါသည်။