(၂၈)ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီအစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများသို့ မြန်မာသံရုံးယာယီတာဝန်ခံ တက်ရောက် (၁-၈-၂၀၂၅ ရက်)

(၁-၈-၂၀၂၅ ရက်၊ ပရာ့ဂ်)

 ပရာ့ဂ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ (၂၈)ကြိမ်မြောက် အစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းခြင်း အခမ်းအနားများကို လက်ရှိဥက္ကဋ္ဌဖြစ်သည့် ထိုင်းဘုရင့်နိုင်ငံ သံအမတ်ကြီး H.E. Mr. Suwat Kaewsook က ဦးစီး၍ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် ထိုင်းသံရုံး၌ ကျင်းပခဲ့ရာ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံ ဒေါက်တာထွန်းနောင် တက်ရောက်ခဲ့ပါသည်။ ၎င်းအစည်းအဝေးနှင့် အခမ်းအနားသို့ ပရာ့ဂ်မြို့အခြေစိုက် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများလည်း တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ သံရုံးအကြီးအကဲများသည် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် (၂၇)ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီ အစည်းအဝေးမှတ်တမ်းအား အတည်ပြုခြင်း၊ ၂၀၂၅ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ကော်မတီမှ ဆောင်ရွက်ခဲ့သည့် ပူးတွဲလှုပ်ရှားမှုအစီရင်ခံစာအား မှတ်တမ်းတင်ခြင်းနှင့် ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်အတွင်း ကော်မတီမှ ဆောင်ရွက်နိုင်မည့် လှုပ်ရှားမှုကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် သံရုံးအလိုက် သက်ဆိုင်ရာနိုင်ငံများနှင့် အာဆီယံအတွင်း နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများ၊ ချက်သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂတို့နှင့် ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို မျှဝေဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အာဆီယံ-ပရာ့ဂ် ကော်မတီ၏ ၂၀၂၅ခုနှစ်၊ ဒုတိယနှစ်ဝက်အတွက် အလှည့်ကျဥက္ကဋ္ဌတာဝန်အား ထိုင်းဘုရင့်နိုင်ငံ သံအမတ်ကြီးမှ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Mrs. Rina P. Soemarno ထံသို့ လွှဲပြောင်းပေးအပ်သည့် စာချွန်လွှာအား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရှိရပါသည်။