၂၀၂၆ ခုနှစ် အာဆီယံရက်သတ္တပတ် အထိမ်းအမှတ် Seoul ASEAN Hall အမြဲတမ်းပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ ပါဝင်တက်ရောက်

(၁၃-၁၁-၂၀၂၆၊ ဆိုးလ်)

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ၂၀၂၆ ခုနှစ် အာဆီယံရက်သတ္တပတ် (2026 ASEAN Week) အထိမ်းအမှတ် အစီအစဉ်တစ်ရပ်အဖြစ် ဆိုးလ်မြို့၊ Korea Press Center ၏ ပထမထပ်ရှိ Seoul ASEAN Hall တွင် “Gyeotda: Modern Heritage Canvas” အမည်ရှိ အမြဲတမ်းပြပွဲ (Permanent Exhibition) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် စီးပွားရေးသံမှူးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဒုတိယဝန်ကြီး Ms. Eui-hae Cecilia Chung၊ အာဆီယံ-ကိုရီးယားဗဟိုဌာန (ASEAN-Korea Centre) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Kim Jae-shin၊ ကိုရီးယားနိုင်ငံဆိုင်ရာ အာဆီယံ သံအမတ်ကြီးများနှင့် သံတမန်အသိုက်အဝန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

“Gyeotda” ဟူသော စကားလုံးမှာ ကိုရီးယားဘာသာစကားဖြင့် အပြန်အလှန်ယှက်နွယ်၍ အမှီသဟဲပြုခြင်းဟု အဓိပ္ပာယ်ရပြီး အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့အကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်မှုနှင့် အပြန်အလှန်နားလည်မှုတို့ကို ထင်ဟပ်စေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ပြပွဲတွင် အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာလက်မှုပညာပစ္စည်းများ၊ ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြု မာလ်တီမီဒီယာ (Multimedia) ပြသမှုများနှင့် ကိုယ်တိုင်ပါဝင်ခံစားနိုင်သည့် အတွေ့အကြုံများမှတစ်ဆင့် အာဆီယံနိုင်ငံများ၏ ထူးခြားသော ယဉ်ကျေးမှုလက္ခဏာများကို မိတ်ဆက်ထားသည်။ ပြပွဲကို ရိုးရာလက်မှုပညာနှင့် ခရီးသွားနေရာများ၊ ဗီဒီယိုမှတစ်ဆင့် သဘာဝ ပတ်ဝန်းကျင်နှင့် မြို့ပြများ၊ အနံ့နှင့် အသံများမှတစ်ဆင့် ယဉ်ကျေးမှု အငွေ့အသက်များ၊ အာဆီယံဒေသ၏ အတိတ်နှင့် ပစ္စုပ္ပန်တို့ကို မိတ်ဆက်သည့် အပိုင်းလေးပိုင်းဖြင့် ဖွဲ့စည်းထားသည်။ Seoul ASEAN Hall ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ပြန်လည်ပြင်ဆင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ အမြဲတမ်းပြပွဲအသစ်အဖြစ် ပိုမိုပြည့်စုံစွာ မိတ်ဆက်ဖွင့်လှစ်လိုက်ခြင်းဖြစ်ကာ ရှေ့ဆက်၍ အလုပ်ရုံ ဆွေးနွေးပွဲများနှင့် ဟောပြောပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်သည်။

အာဆီယံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့အကြား ကဏ္ဍအလိုက် ဆွေးနွေးဖက်ဆက်ဆံရေး (Sectoral Dialogue Partnership) ကို ၁၉၈၉ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အပြည့်အဝ ဆွေးနွေးဖက်ဆက်ဆံရေး (Full Dialogue Partnership) အဖြစ် တိုးမြှင့်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အာဆီယံ-ကိုရီးယားဗဟိုဌာနကို တည်ထောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ဆွေးနွေးဖက်ဆက်ဆံရေး နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံရက်သတ္တပတ် (ASEAN Week) ကို စတင်ကျင်းပခဲ့ရာ အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှု၊ အစားအသောက်နှင့် ခရီးသွားအရင်းအမြစ်များကို ကိုရီးယားပြည်သူများ ပိုမိုသိရှိနားလည်စေရန်နှင့် နှစ်ဖက်ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်စေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

ယခုနှစ် ASEAN Week ကို အာဆီယံ-ကိုရီးယားဗဟိုဌာနက ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် မှ ၁၅ ရက်အထိ ဆိုးလ်မြို့နှင့် ဂျောင်ဂျူးမြို့တို့တွင် ကျင်းပလျက်ရှိပြီး ယဉ်ကျေးမှု၊ အစားအသောက်နှင့် လူငယ်အချင်းချင်း အပြန်အလှန်ဖလှယ်ရေးတို့ကို အဓိကထားဆောင်ရွက်ခြင်း ဖြစ်သည်။ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် “ASEAN Flavor: Good Things Take Time” ဟူသော ဆောင်ပုဒ်ဖြင့် ၂၀၂၆ အာဆီယံအစားအသောက်ပွဲတော် (2026 ASEAN Food Festa) ကို နိုဝင်ဘာလ ၁၃ ရက်မှ ၁၅ ရက်အထိ Korea Press Center ရှေ့ရှိ Seoul Madang တွင် ကျင်းပလျက်ရှိပြီး အာဆီယံအဖွဲ့ဝင် ၁၁ နိုင်ငံ၏ ထင်ရှားသော ရိုးရာအစားအစာများကို မိတ်ဆက်ပြသထားသည်။
ထို့ပြင် Jeonbuk-ASEAN Youth Together for Tomorrow Forum ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှ ၁၅ ရက်အထိ ဂျောင်ဂျူးမြို့တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံကျောင်းသားများ အပါအဝင် ပါဝင်သူ ၈၀ ခန့် တက်ရောက်ကာ ရိုးရာဈေးများနှင့် လူငယ်စွန့်ဦးတီထွင်မှု၊ ဒေသအလိုက် ဗီဇာစနစ်များအောက်ရှိ အလုပ်အကိုင်နှင့် နေထိုင်မှုအခြေအနေများ၊ ဉာဏ်ရည်တုနည်းပညာခေတ် (AI Era) အတွင်း လူငယ်များ၏ အနာဂတ်အခွင့်အလမ်းများကို ဆွေးနွေးဖလှယ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်များသည် ကိုရီးယားနှင့် အာဆီယံပြည်သူများအကြား အပြန်အလှန် နားလည်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ရင်းနှီးချစ်ခင်မှုများ ပိုမိုတိုးတက်စေရန် ရည်ရွယ်ကြောင်း အာဆီယံ -ကိုရီးယား ဗဟိုဌာန၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Kim Jae-shin က ပြောကြားခဲ့သည်။

အဆိုပါ အာဆီယံရက်သတ္တပတ် အစီအစဉ်များသည် အာဆီယံနိုင်ငံများ၏ ရိုးရာ ယဉ်ကျေးမှုနှင့် လူမှုဘဝများကို ကိုရီးယားပြည်သူများ ပိုမိုသိရှိနားလည်စေရန်သာမက အာဆီယံနှင့် ကိုရီးယားအကြား ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ယဉ်ကျေးမှုဖလှယ်မှုနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေရန် အထောက်အကူပြုသည့် အစီအစဉ်တစ်ရပ်ဖြစ်ကြောင်း သိရှိရပါသည်။