(၁၆-၈-၂၀၂၁၊ နယူးဒေလီ)
ကိုဗစ်-၁၉ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ တားဆီးကာကွယ်ရေး အစီအမံများကြောင့် အိန္ဒိယနိုင်ငံသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိ၍ နေရပ်ပြန်ရန် အခက်အခဲ ကြုံတွေ့နေသော မြန်မာနိုင်ငံသားများအတွက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ ကယ်ဆယ်ရေးလေယာဉ်သည် ၁၅-၈-၂၀၂၁ ရက်နေ့ အိန္ဒိယစံတော်ချိန် (၁၅:၁၈) နာရီတွင် နယူးဒေလီမြို့၊ အင်ဒီရာဂန္ဓီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်မြို့သို့ ချောမောစွာ ထွက်ခွာခဲ့ပါသည်။
အဆိုပါလေယာဉ်ဖြင့် အိန္ဒိယနိုင်ငံတွင် ဆေးကုသမှုခံယူရန်၊ ပညာသင်ကြားရန် စသည့် အကြောင်းအမျိုးမျိုးဖြင့် လာရောက်ကြသည့် မြန်မာနိုင်ငံသား (၇၅) ဦးကို နေရပ်ပြန်လည် ပို့ဆောင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အိန္ဒိယနိုင်ငံသား အရာထမ်းများနှင့် ကျွမ်းကျင်သူ (၂၁) ဦးတို့လည်း လိုက်ပါသွားကြပါသည်။
အဆိုပါကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသားများ အဆင်ပြေစွာ ထွက်ခွာနိုင်ရေး မြန်မာသံရုံးမှ တာဝန်ရှိသူများ၊ မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ဝန်ထမ်းများနှင့် အိန္ဒိယလူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများမှ လိုအပ်သည့် ပံ့ပိုးကူညီမှုများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

