ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်မှ ဟောင်ကောင်လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးအား သွားရောက်တွေ့ဆုံ

ဟောင်ကောင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကိုသည် ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ လူဝင်မှုကြီးကြပ်ရေးဌာနအကြီးအကဲ ညွှန်ကြားရေးမှူး Mr. KWOK Joon-fung, Benson အား ၁၇-၁၁-၂၀၂၆ ရက်၊ ၁၀:၃၀ နာရီတွင် ဟောင်ကောင်လူဝင်မှုကြီးကြပ်ရေးဌာနရှိ ၎င်း၏ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဟောင်ကောင်ဒေသတို့အကြား စီးပွားရေး၊ ပညာရေးနှင့် ခရီးသွားလာရေးကဏ္ဍများတွင် အပြန်အလှန် ကူးလူးဆက်သွယ်မှုများ ဆက်လက်တိုးတက်လျက်ရှိနေခြင်းအပေါ် နှစ်ဖက်စလုံးက အပြုသဘောဆောင်စွာ အသိအမှတ်ပြုခဲ့ကြပြီး၊ ပြည်ဝင်ဗီဇာ ကိစ္စရပ်များနှင့်ပတ်သက်၍ နှစ်ဖက်အကျိုးစီးပွားနှင့် အပြန်အလှန်မူတို့အပေါ် အခြေခံဆောင်ရွက်နိုင်ရေး၊ သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သော မြန်မာနိုင်ငံသားများ၏ ဟောင်ကောင် ပြည်ဝင်ဗီဇာလျှောက်ထားမှုများအား ပိုမိုလွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရေးတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး

ဟောင်ကောင်မြို့

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်