နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ မြန်မာ သံတမန်သင်တန်းကျောင်း (Myanmar Diplomatic Academy) နှင့် Naypyitaw State Academy တို့ ပူးပေါင်းဖွင့်လှစ်သည့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy) အမှတ်စဉ်(၂/၂၀၂၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁-၆-၂၀၂၆ ရက်၊ တနင်္လာနေ့၊ နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ လောကနတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၂/၂၀၂၆) ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။
သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၂/၂၀၂၆) ကို သင်တန်းကာလ (၄)လစီ ကြာမြင့်သော ပညာသင်နှစ်ဝက် (၂)ခု၊ စုစုပေါင်း သင်တန်းကာလ(၈)လကြာ ဖွင့်လှစ်သွားမည်ဖြစ် ပါသည်။ သင်တန်းတွင် သံတမန်ရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးများ၊ နိုင်ငံခြားရေးမူဝါဒများ၊ နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာဥပဒေများနှင့် မျက်မှောက် ခေတ်နိုင်ငံတကာရေးရာ ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာနများမှ အရာထမ်း/ အမှုထမ်း များနှင့် ပုဂ္ဂလိကကဏ္ဍမှ စိတ်ပါဝင်စားသူများ၊ သင်တန်းသား/သူ စုစုပေါင်း(၆၀)ဦး တက်ရောက်မည် ဖြစ်သည်။



