(၇-၁၂-၂၀၂၂ ရက်၊ ဝါရှင်တန်)
ဂျာမနီနိုင်ငံ၊ ဘာလင်မြို့အခြေစိုက် ‘Transparency International’ အဖွဲ့က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှု တိုက်ဖျက်ရေးညီလာခံ – ၂၀၂၂ (International Anti-corruption Conference 2022) ကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့ရှိ Omni Shoreham Hotel တွင် ၆-၁၂-၂၀၂၂ ရက်မှ စတင်၍ ကျင်းပလျက်ရှိပြီး၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ကိုယ်စား မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးသက်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် (၃) ဦး ပါဝင်တက်ရောက်လျက်ရှိပါသည်။
ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ၆-၁၂-၂၀၂၂ ရက်တွင် ကျင်းပခဲ့ရာ အမေရိကန် သမ္မတ၏ အမျိုးသား လုံခြုံရေးအကြံပေး Mr. Jake Sullivan ၊ မော်လ်ဒိုဗာသမ္မတနိုင်ငံ သမ္မတ H.E. Ms. Maia Sandu ၊ U.S. Agency for International Development (USAID) ၏ အကြီးအကဲ Ms. Samantha Power ၊ Transparency International အဖွဲ့၏ ဥက္ကဋ္ဌ Ms. Delia Ferreira Rubio ၊ Transparency International အဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Gary Kalman ၊ အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေး ညီလာခံ ကောင်စီ ဥက္ကဋ္ဌ Ms. Huguette Labelle တို့က အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။
ယင်းညီလာခံသို့ နိုင်ငံ (၁၄၀) ကျော်မှ အစိုးရ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ၊ IMF ၊ UNDP စသည့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပညာရှင်များ၊ သုတေသီများ၊ သတင်းထောက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူများနှင့် တက္ကသိုလ် ကျောင်းသားများ စုစုပေါင်း (၁,၈၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။




