(၄-၉-၂၀၂၆၊ ဗန်ကောက်)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ထိုင်းနိုင်ငံတော်ဝန်ကြီးချုပ် H.E. Mr. Anutin Charnvirakul အား ထိုင်းနိုင်ငံအခြေစိုက် သံတမန်အဖွဲ့အကြီးအကဲများနှင့် ကောင်စစ်ဝန်ရုံးကိုယ်စားလှယ်များက စုပေါင်းဂါရဝပြုတွေ့ဆုံပွဲသို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်တွင် အစိုးရအိမ်တော်၌ တက်ရောက်ခဲ့သည်။
ထိုင်းဝန်ကြီးချုပ်က လက်ရှိထိုင်းအစိုးရ၏ မျှော်မှန်းချက်၊ မူဝါဒဦးတည်ချက်တို့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံခြားဆက်ဆံရေးမူဘောင်အတွင်းမှ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ အသိပညာ၊ ဈေးကွက်ရရှိမှုနှင့် လုပ်သားအင်အား ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခွင့်အလမ်းများကို တိုးချဲ့ဖော်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် လက်တွဲရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ထိုင်းနိုင်ငံအခြေစိုက် သံတမန်အသိုက်အဝန်းအနေဖြင့် ထိုင်းအစိုးရအဖွဲ့ဝင်များ၊ ထိုင်းကုန်သွယ်ရေးကိုယ်စားလှယ်များနှင့်အတူ အခွင့်အလမ်းသစ်များကို ရှာဖွေဖော်ထုတ်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သည်။ ထိုင်းနိုင်ငံတော်ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲသို့ ဗန်ကောက်မြို့အခြေစိုက် သံရုံးများ၊ ကောင်စစ်ဝန်ရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲပေါင်း (၇၆) ဦးခန့် တက်ရောက်ခဲ့သည်။
**************



