မြန်မာသံရုံး၊ ပေကျင်းမြို့တွင် အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

(၁၄-၄-၂၀၂၆ ရက်၊ ပေကျင်း)

မြန်မာသံရုံး၊ ပေကျင်းမြို့သည် မြန်မာ့ရိုးရာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် အတာသင်္ကြန်ပွဲတော်ကို ၁၄-၄-၂၀၂၆ ရက် (သင်္ကြန်အကျနေ့) နေ့လယ်ပိုင်းတွင် ပေကျင်းမြို့၊ မြန်မာသံရုံး ပရဝုဏ်အတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်နှင့်ဇနီး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် ဇနီး၊ သံရုံး၊ စစ်သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ပေကျင်းမြို့အခြေစိုက် အာဆီယံသံရုံးများ နှင့် စစ်သံရုံးများမှ သံတမန်များ၊ တရုတ်နိုင်ငံ၌ ပညာသင်ရောက်ရှိနေကြသော မြန်မာပညာတော်သင်ကျောင်းသားများ၊ တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် စုစုပေါင်း ၃၀၀ ဦးကျော် ပါဝင်တက်ရောက်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ မြန်မာသံအမတ်ကြီးမှ နှစ်သစ်ကူးဆုမွန်ကောင်း အမှာစကား ပြောကြားခဲ့ပြီး အတာသင်္ကြန်အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပါသည်။ ဆက်လက်၍ သံအမတ်ကြီးနှင့် ကြွရောက်လာသော ဧည့်သည်တော်များမှ စုပေါင်းဓါတ်ပုံရိုက်ကာ မြန်မာသံရုံး၊ စစ်သံရုံးတို့ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ မြန်မာပညာတော်သင်ကျောင်းသားများနှင့် သင်တန်းသူများမှ သင်္ကြန်အကများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပါသည်။ ထို့ပြင် ကြွရောက်လာကြသော ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအစာများဖြစ်သော မုန့်ဟင်းခါး၊ ရွှေရင်အေး၊ သာကူ၊ လ္ဘက်သုပ်၊ အသုပ်စုံနှင့် ပြည်ကြက်သားပလာတာတို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုပစ္စည်းများလည်းပြသရောင်းချ၍ အတာရေများပက်ဖြန်းပြီး သင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ဆင်နွှဲခဲ့ကြောင်း သိရှိရပါသည်။