(၁၆-၆-၂၀၂၅ ရက်၊ ကိုင်ရို)
အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၁၆-၆-၂၀၂၅ ရက် (တနင်္လာနေ့)၊ ဒေသစံတော်ချိန် မွန်းလွဲ ၁၄၀၀ နာရီတွင် အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့အခြေစိုက် အီဂျစ်နိုင်ငံခြားရေးရာကောင်စီအဖွဲ့ (Egyptian Council for Foreign Affairs – ECFA)၏ ရုံးခန်းသို့ သွားရောက်၍ ECFA အဖွဲ့နှင့် မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS)တို့အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (Letter of Association and Cooperation – LOAC) အား MISIS အဖွဲ့ ဥက္ကဋ္ဌကိုယ်စား သွားရောက်လက်မှတ်ရေးထိုးခဲ့ပါသည်။ ECFA အဖွဲ့ဘက်မှ ဥက္ကဋ္ဌဖြစ်သူ Ambassador (Rtd) Mohammed El-Orabi က လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါ လက်မှတ်ရေးထိုးမှုနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာသံရုံးဘက်မှ တာဝန်ရှိသူအချို့ နှင့် ECFA ဘက်မှ Director ဖြစ်သူ Ambassador (Rtd) Mr. Ezzat Saad Elsayed နှင့် တာဝန်ရှိသူအချို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ သဘောတူညီချက် (LOAC)အား လက်မှတ်ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ Think Tanks အဖွဲ့နှစ်ဖွဲ့အကြား နိုင်ငံတကာရေးရာနှင့် ဒေသတွင်း အရေးကိစ္စများအား ပူးတွဲလေ့လာသုတေသနပြုလုပ်ခြင်းနှင့် စာတမ်းများ ပြုစုရေးသားခြင်း၊ သုတေသနစာတမ်းများအား ပူးတွဲထုတ်ဝေခြင်း စသည်တို့ကို ပြုလုပ်သွားနိုင်မည်ဖြစ်ပြီး Online မှတစ်ဆင့် တွေ့ဆုံဆွေးနွေးမှုများ၊ နှစ်နိုင်ငံ အပြန်အလှန် လည်ပတ်၍ လူကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးပွဲများနှင့် ဟောပြောပွဲများ ကျင်းပပြုလုပ်ခြင်း စသည်တို့ကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ MISIS အဖွဲ့နှင့် ECFA အဖွဲ့အကြား ပူးတွဲသုတေသနပြုလုပ်ရာတွင် Global South နှင့် United Nations Sustainable Development Goals (SDGs) ဆိုင်ရာ အကြောင်းအရာများအပေါ် အဓိကထား၍ လေ့လာသုတေသနပြုလုပ်သွားမည် ဖြစ်ပါသည်။ အဆိုပါ Think Tanks အဖွဲ့နှစ်ဖွဲ့အကြား ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာ-အီဂျစ် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်လာစေရေးအတွက်ကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

