(နေပြည်တော်၊ ၄-၈-၂၀၂၅)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် နီကာရာဂွါသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး မစ္စတာ အီဗန် လာရာ ပါလာစီအိုစ့် (Mr. Iván Lara Palacios) နှင့် ၄-၈-၂၀၂၅ ရက်တွင် မြန်မာ-နီကာရာဂွါ နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးနှင့်စပ်လျဉ်း၍ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့သို့ဆွေးနွေးကြရာတွင် မြန်မာနိုင်ငံနှင့် နီကာရာဂွါနိုင်ငံအကြား သံတမန်အဆက် အသွယ်ထူထောင်မှု (၅) နှစ်ပြည့်မြောက်လုပြီဖြစ်ရာ နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည် ရင်းနှီးသောဆက်ဆံရေးအပေါ် သုံးသပ်ခဲ့ကြပြီး နှစ်ဖက်အပြန်အလှန်အကျိုး ဖြစ်ထွန်းစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။

