မြန်မာကောင်စစ်ဝန်ချုပ်ရုံး ချုံချင့်မြို့မှ မြန်မာ့ယဉ်ကျေးမှုနှင့် အစားအသောက်မိတ်ဆက်ပြပွဲ ကျင်းပပြုလုပ်ခဲ့ခြင်း

(၁၄-၁၁-၂၀၂၆၊ ချုံချင့်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင့်မြို့ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးသည် ယွီကျုံးခရိုင်ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးနှင့် ပူးပေါင်းကာ မြန်မာ့ယဉ်ကျေးမှုနှင့် အစားအသောက်မိတ်ဆက်ပြပွဲ (Myanmar Food and Cultural Showcase) ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်၊ မွန်းလွဲ ၂ နာရီတွင် ချုံချင့်မြို့ရှိ Chongqing World Financial Center ၏ ၃၅ ထပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု၊ အစားအသောက်နှင့် ဓလေ့ထုံးတမ်းများကို မိတ်ဆက်ပြသခွင့်ရရှိသည့်အတွက် ဝမ်းမြောက်ကြောင်း၊ ယခုကဲ့သို့သော ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များသည် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား အပြန်အလှန်နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။


ဆက်လက်၍ တက်ရောက်လာကြသည့် ဧည့်သည်တော်များကို မြန်မာကျောင်းသူ (၂) ဦးက ဦးရွှေရိုးနှင့် ဒေါ်မိုးအကဖြင့်လည်းကောင်း၊ မြန်မာ့ရိုးရာသနပ်ခါးနှင့် သနပ်ခါးလိမ်းခြယ်မှု အစီအစဉ်များဖြင့်လည်းကောင်း ဖျော်ဖြေခဲ့ပြီး၊ လက်ဖက်သုပ်နှင့် လက်ဖက်ထမင်း၊ မြန်မာ့လက်ဖက်ရည်နှင့် ရေနွေးကြမ်းအပါအဝင် မြန်မာ့အစားအသောက်များ၊ မြန်မ့ာထုတ်ကုန်များဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။ မြန်မာ့ပေါ်ဆန်းမွှေး၊ ရွှေပြည်နန်းသနပ်ခါး၊ ပလိုင်းလက်ဖက်၊ ရုပ်‌သေးလက်ဖက်ရည်၊ တအောင်းလက်ဖက်ခြောက်၊ Ancient Tree Tea၊ Plan Bee ပျားရည်၊ ရွှေရွာငံကော်ဖီ၊ Top အစေ့အဆံနှင့် ခေါက်ဆွဲခြောက်စသည့် မြန်မာ့အစားအသောက်ဆိုင်ရာထုတ်ကုန်များကို မိတ်ဆက်တင်ပြနိုင်ခဲ့ပါသည်။


အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း၊ ချုံချင့်မြူနီ စီပယ်အစိုးရ နိုင်ငံခြားရေးဌာနမှ Second-Level Inspector Ms. Fan Qing၊ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် (CPPCC)၊ ယွီကျုံးခရိုင်ကော်မတီ ဒုတိယဥက္ကဋ္ဌ Ms. Du Ling၊ ချုံချင့်မြူနီစီပယ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ချုံချင့်မြို့အခြေစိုက် ဖိလစ်ပိုင်နိုင်ငံ၊ ဥရု‌ဂွေးနိုင်ငံ၊ ဘယ်လာရုစ်နိုင်ငံ၊ မက္ကစီကိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များအပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာကျောင်းသား၊ ကျောင်းသူများနှင့် မြန်မာ့ယဉ်ကျေးမှုကို စိတ်ဝင်စားသူများ စုစုပေါင်း (၁၀၀) ကျော် တက်ရောက်ခဲ့ကြပါသည်။


အခမ်းအနားတွင် မြန်မာ့အစားအသောက်များကို မြည်းစမ်းလေ့လာခွင့်နှင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ လူမှုဓလေ့ထုံးတမ်းများအကြောင်း အပြန်အလှန်ဆွေးနွေးဖလှယ်ခွင့်များ ရရှိခဲ့ကြပါသည်။ တက်ရောက်လာကြသူများကလည်း မြန်မာ့ရိုးရာအစားအသောက်များနှင့် ယဉ်ကျေးမှုအပေါ် စိတ်ဝင်စားမှုရှိစွာ ပါဝင်လေ့လာခဲ့ကြသည်။ အဆိုပါ မြန်မာ့ယဉ်ကျေးမှုနှင့် အစားအသောက် မိတ်ဆက်ပြပွဲသည် မြန်မာနိုင်ငံနှင့် ချုံချင့်မြို့အကြား ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် အပြန်အလှန် နားလည်မှုတို့ကို မြှင့်တင်ပေးသည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး နှစ်ဖက်အကြား ခရီးသွားလုပ်ငန်း၊ ကုန်သွယ်ရေးနှင့် စီးပွားရေးအပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။