(၂၂-၁၁-၂၀၂၆၊ ဗီယင်နာ)
ဗီယင်နာအခြေစိုက် ကုလသမဂ္ဂအမျိုးသမီးများအသင်း (UNWG) မှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်ကို ဩစတြီးယားစင်တာ၌ ၂၀-၁၁-၂၀၂၆ ရက် ညနေပိုင်းတွင် စတင်ဖွင့်လှစ်ပြီး ၂၁-၁၁-၂၀၂၆ ရက်တွင်ကျင်းပခဲ့ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဗီယင်နာမြို့က ပါဝင်ဆင်နွှဲခဲ့ပါသည်။
ယင်းပွဲတော်၌ မြန်မာသံရုံး/ အဖွဲ့ရုံးသည် ဗီယင်နာမြို့အခြေစိုက် အခြားသံရုံးများ၊ အဖွဲ့အစည်းများနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ အကူအညီလိုအပ်နေသော အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် ရန်ပုံငွေလှူဒါန်းနိုင်ရန် မြန်မာ့ရိုးရာအထည်အလိပ်နှင့် လက်မှုပစ္စည်းများကို ခင်းကျင်းရောင်းချခဲ့ပြီး နိုင်ငံအလိုက် ရိုးရာဝတ်စားဆင်ယင်မှုပြပွဲတွင်လည်း ပါဝင်ပြသခဲ့ပါသည်။
UNWG သည် အကူအညီလိုအပ်နေသည့် အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ ကျန်းမာရေး၊ ပညာရေး၊ အခြေခံလိုအပ်ချက်နှင့် ထောက်ပံ့ရေးအစီအစဉ်များအတွက် ရန်ပုံငွေရှာဖွေပေးနေသော အဖွဲ့အစည်းဖြစ်ပြီး ဩစတြီးယားအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လက်တွဲ၍ ဒေသတွင်းနှင့် ကမ္ဘာအနှံ့ရှိ ပရဟိတလှူဒါန်းမှုများကို ပံ့ပိုးကူညီလျက်ရှိပါသည်။





