နီပေါနိုင်ငံခြားရေးဝန်ကြီးအား မြန်မာသံအမတ်ကြီးမှ နှုတ်ဆက်ဂါရဝပြုတွေ့ဆုံ (၃-၉-၂၀၂၅ ရက်)

(၃-၉-၂၀၂၅၊ ကတ္တမန္ဒူး)

တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် သည် ၃-၉-၂၀၂၅ ရက်နေ့၊ မွန်းလွဲ ၁၄၃၀ နာရီအချိန်တွင် နီပေါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အာဇူ ရာနာ ဒယ်ဘ အား ဝန်ကြီး၏ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံ၍ နှုတ်ဆက်ဂါရဝပြုခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံကြား ကောင်းမွန်မှုရှိသော ဆက်ဆံရေး ပိုမိုတိုးမြှင့်နိုင်မှု အခြေ အနေများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ သံအမတ်ကြီးသည် နီပေါနိုင်ငံအခြေစိုက် သံတမန်အသိုက်အဝန်းမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများအား တွေ့ဆုံနှုတ်ဆက်လျက်ရှိရာ ၁-၉-၂၀၂၅ ရက်နေ့တွင် အိန္ဒိယသံအမတ်ကြီး၊ ၂-၉-၂၀၂၅ ရက်နေ့တွင် ရုရှားသံအမတ်ကြီးနှင့် ထိုင်းသံအမတ်ကြီးတို့အား သက်ဆိုင်ရာ သံရုံးများသို့ သွားရောက် တွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။ ထို့အပြင် သံအမတ်ကြီးသည် ၁-၉-၂၀၂၅ ရက်နေ့တွင်၊ Lumbini Development Trust (LDT) ၏ ဒုတိယဥက္ကဋ္ဌ Dr. Lharkyal Lama (Khenpo Chimed) နှင့် နီပေါနိုင်ငံဆိုင်ရာ သီရိလင်္ကာသံရုံး၊ သံရုံးယာယီတာဝန်ခံတို့အား နှုတ်ဆက်တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။