နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အသစ်ခန့်အပ်ခဲ့သည့် အရာထမ်းငယ်များအား တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကျင်းပခြင်း

​နိုင်ငံခြားရေးဝန်ကြီးဌာနတွင် အသစ်ခန့်အပ်လိုက်သည့် အရာထမ်းငယ်များအား ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက် (သောကြာနေ့)၊ မွန်းလွဲ ၁၄၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) ရှိ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အရာထမ်းငယ် (၂၉) ဦးတို့ တက်ရောက်ခဲ့ကြသည်။

​တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့် နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အစဉ်တစိုက် ဦးတည်ရှေးရှုဆောင်ရွက်ကြရန်၊ မိမိတို့၏ အသိပညာ၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုများကို လက်တွေ့လုပ်ငန်းခွင်၌ အကျိုးရှိစွာ အသုံးချကြရန်၊ နိုင်ငံတကာရေးရာ ဖြစ်ပေါ်တိုးတက်မှုများကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်ကြရန်နှင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကာ ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားခဲ့သည်။ ထို့ပြင် အရည်အချင်းနှင့် စွမ်းဆောင်ရည်များကို စဉ်ဆက်မပြတ် မြှင့်တင်လျက် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်သည့် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အရာထမ်းငယ်များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံနှုတ်ဆက်ခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်