(၁၆-၃-၂၀၂၃ ရက်၊ နန်နင်း)
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသ၊ လျှိုကျိုးမြို့တို့အကြား ချစ်ကြည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်နိုင်ရန်အတွက် လျှိုကျိုးနိုင်ငံခြားရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး Mr. Wu Qijun ဦးဆောင်၍ သတ္တုတွင်းကုမ္ပဏီ၊ အစားအသောက်ကုမ္ပဏီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အခြားနည်းပညာကုမ္ပဏီအစရှိသည့် ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၄) ဦးပါ အဖွဲ့သည် နန်နင်းမြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းအား ၁၆-၃-၂၀၂၃ ရက်၊ ၁၄၀၀ နာရီတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့လာရောက်တွေ့ဆုံစဉ် ကုမ္ပဏီအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့ဝင်များက မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေ၊ သွင်းကုန်/ပို့ကုန် တင်ပို့နိုင်မှုအခြေအနေနှင့် မူဝါဒများ၊ သတ္တုတွင်းလုပ်ငန်းဆိုင်ရာ အခြေအနေနှင့် မူဝါဒများ၊ နည်းပညာကုမ္ပဏီများ၊ သွင်းကုန်/ပို့ကုန် ကုမ္ပဏီများ တည်ထောင်လုပ်ကိုင်နိုင်မှု အခြေအနေ၊ ရင်းနှီးမြှုပ်နှံမှုမူဝါဒနှင့် အခွင့်အလမ်းများ စသည်ဖြင့် မေးမြန်းခဲ့ကြရာ၊ မြန်မာကောင်စစ်ဝန်ချုပ်က ၎င်းတို့သိရှိလိုသည်များကို ပြန်လည်ဖြေကြား၍ အခြားပူးပေါင်းဆောင်ရွက်နိုင်မည့် သီလဝါဆိပ်ကမ်း စက်မှုဇုန်၊ စွမ်းအင်သစ်သုံးမော်တော်ယာဉ် စသည့် ကဏ္ဍများနှင့် အလားအလာများကို ဖြည့်စွက်ဆွေးနွေးပြောကြားခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်သည် တရုတ်ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒ များ၊ သီလဝါအထူးစက်မှုဇုန်ဆိုင်ရာ အချက်အလက်များ၊ မြန်မာ့ကျောက်မျက်ပြပွဲဆိုင်ရာ အချက်အလက်များနှင့် မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ရေထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များနှင့် ဆေးဖက်ဝင်အပင်များ တင်ပို့ရောင်းချသည့် ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ၏ ဆက်သွယ်ဆောင်ရွက်နိုင်မည့် အချက်အလက်များကို ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။



