တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ ရှန်တုန်းပြည်နယ်၊ တယ်ကျိုးမြို့၌ ကျင်းပသည့်၂၀၂၆ မြစ်ဝါမြစ်- မဲခေါင်မြစ် ဖလှယ်ရေးရက်သတ္တပတ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြား

(၁၆-၁၁-၂၀၂၆၊ ပေကျင်း)

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် တရုတ်နိုင်ငံ၊ ရှန်တုန်းပြည် နယ်၊ တယ်ကျိုးမြို့၌ ၁၂-၁၁-၂၀၂၆ ရက်မှ ၁၅-၁၁-၂၀၂၆ ရက်ထိ ကျင်းပသည့် ၂၀၂၆ မြစ်ဝါမြစ် – မဲခေါင်မြစ်ဖလှယ်ရေး ရက်သတ္တပတ်အခမ်းအနား (2026 Yellow River – Mekong River Exchange Week) သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

သံအမတ်ကြီးသည် ဖွင့်ပွဲအခမ်းအနားမတိုင်မီ ၁၂-၁၁-၂၀၂၆ ရက်တွင် ရှန်တုန်းပြည်နယ် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ မစ္စတာ လျိုကျွန်းကန် နှင့် သံအမတ်ကြီးများ တွေ့ဆုံသည့် အစည်းအဝေးနှင့် welcome dinner တို့သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ထို့နောက် ဖွင့်ပွဲအခမ်းအနားကို ၁၃-၁၁-၂၀၂၆ ရက်တွင် တယ်ကျိုးမြို့ရှိ Regal Kangbo Hotel ၌ ကျင်းပခဲ့ရာ သံအမတ်ကြီးမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီး၏ အဖွင့်မိန့်ခွန်း၌ တရုတ်နိုင်ငံနှင့် မဲခေါင်နိုင်ငံများအတွက် မြစ်ဝါမြစ်နှင့် မဲခေါင်မြစ်တို့၏ အရေးပါပုံ၊ မြန်မာနိုင်ငံ၏ ပထဝီ အနေအထား အရ မဟာဗျူဟာကျသည့် ဈေးကွက်အလားအလာများကို ပိုင်ဆိုင်ထားမှုနှင့် အနာဂတ်ကာလတွင် ဆောင်ရွက်မည့် ညီအစ်မမြို့တော်ဆက်ဆံရေး အကောင်အထည်ဖော်နေမှုများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီး သံအမတ်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သဘောတူလက်မှတ်ရေးထိုးသည့် အခမ်းအနားသို့လည်းကောင်း၊ China (Shangdong) – ASEAN Investment Promotion Conference for Economic and Trade Exchange သို့ လည်းကောင်း အခြားသော အာဆီယံသံအမတ်ကြီးများ၊ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပြီး၊ ရှန်တုန်းပြည်နယ် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ မစ္စတာ လျိုကျွန်းကန် ဦးဆောင်သော အစိုးရအဖွဲ့ဝင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ မြန်မာကိုယ်စားလှယ်အဖွဲ့အပြင် အခြားအာဆီယံနိုင်ငံများမှ သံအမတ်ကြီးများ၊ ကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်သူ စုစုပေါင်း (၂၀၀ ) ဦးခန့် ရှိကြောင်း သိရှိရပါသည်။