စတုတ္ထအကြိမ်မြောက် ကိုရီးယား-အာဆီယံ မူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ (The 4th Korea-ASEAN Intellectual Property Cooperation Conference) သို့ မြန်မာသံရုံး၊ ဆိုးလ်မြို့ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြား

(၁၃-၁၁-၂၀၂၆၊ ဆိုးလ်)

စတုတ္ထအကြိမ်မြောက် ကိုရီးယား-အာဆီယံ မူပိုင်ခွင့် ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ (The 4th Korea-ASEAN Intellectual Property Cooperation Conference) ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် ဆိုးလ်မြို့၊ မာပိုခရိုင်ရှိ Hotel Naru Seoul MGallery ၌ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် စီးပွားရေးသံမှူးတို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါညီလာခံကို ဉာဏပစ္စည်း မူပိုင်ခွင့်အသင်းများ အဖွဲ့ချုပ် (Federation of Intellectual Property Associations) က ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ သမ္မတကောင်စီ (Presidential Council on Intellectual Property) ၏ ကြီးကြပ်မှုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံတမန်များ၊ အာဆီယံသံရုံးများမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအပါအဝင် စုစုပေါင်း လူဦးရေ ၂၂၀ ခန့် တက်ရောက်ခဲ့ကြသည်။

ညီလာခံတွင် ဉာဏပစ္စည်း မူပိုင်ခွင့်အသင်းများ အဖွဲ့ချုပ်၏ ပူးတွဲဥက္ကဋ္ဌ ဝမ်ဟယ်ယောင်း (Won Hye-young) က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖိလစ်ပိုင်သံအမတ်ကြီးနှင့် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးတို့က ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။

မြန်မာသံရုံး၊ ဆိုးလ်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် ဆန်းသစ်တီထွင်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဉာဏပစ္စည်း မူပိုင်ခွင့်စနစ်ကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ ဥပဒေ ၄ ခုဖြစ်သည့် Trademark Law ၊ Industrial Design Law၊ Patent Law နှင့် Copyright Law တို့ကို ပြဋ္ဌာန်းခဲ့ပြီး စတင်ကျင့်သုံးနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုရီးယား၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ မိတ်ဖက်များနှင့်အတူ ပူးပေါင်းလျက် နည်းပညာနှင့် အသိပညာဖလှယ်ရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ပုဂ္ဂလိကကဏ္ဍပါဝင်မှု မြှင့်တင်ရေးနှင့် ဉာဏပစ္စည်း မူပိုင်ခွင့်ကို စီးပွားရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချရေးတို့ ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ညီလာခံတွင် ကိုရီးယားနှင့် အာဆီယံနိုင်ငံများအကြား ဉာဏပစ္စည်း မူပိုင်ခွင့်ကို အခြေခံသည့် စီးပွားရေးတန်ဖိုးဖော်ထုတ်ရေး၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် အသုံးချရေး၊ မျိုးဆက်သစ် ဉာဏ်ရည်တုနည်းပညာ (Generative AI) ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ မူပိုင်ခွင့် ကာကွယ်ရေး၊ အွန်လိုင်းရုပ်ပြဇာတ်လမ်း (Webtoon) နှင့် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အခြေခံသည့် ဖန်တီးမှု စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြပြီး အတွေ့ အကြုံနှင့် နည်းပညာဖလှယ်မှုများမှတစ်ဆင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးကို အလေးထားခဲ့ကြသည်။
မြန်မာနိုင်ငံအနေဖြင့် အဆိုပါပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ အတွေ့အကြုံနှင့် နည်းပညာများကို လေ့လာအသုံးချနိုင်မည့်အပြင် မြန်မာ့ရိုးရာလက်မှုပညာ၊ ယဉ်ကျေးမှုအမွေအနှစ်နှင့် ဒေသထွက်ကုန်ပစ္စည်းများ၏ ဉာဏပစ္စည်း မူပိုင်ခွင့်ကို ကာကွယ်ထိန်းသိမ်း၍ စီးပွားရေးတန်ဖိုးမြှင့်တင်ခြင်းနှင့် နိုင်ငံတကာ ဈေးကွက်များသို့ တိုးချဲ့ဝင်ရောက်ခြင်းတို့အတွက် အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်ပါသည်။