ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် (၇) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး နိုင်ငံတကာပြပွဲသို့ တက်ရောက်ခဲ့ခြင်း (၂၂-၅-၂၀၂၅)

(၂၂-၅-၂၀၂၅၊ ချုံချင့်)

 မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ၂၁-၅-၂၀၂၅ ရက်မှ ၂၅-၅-၂၀၂၅ ရက်အထိ ချုံချင့်မြို့ရှိ Yue Lai Internation Convention Center တွင် ကျင်းပပြုလုပ်ခဲ့သည့် (၇) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး နိုင်ငံတကာပြပွဲ (7th Western China International Fair for Investment and Trade -WCIFIT) နှင့် ဆက်စပ်လှုပ်ရှားမှုများသို့ တက်ရောက်ခဲ့ပါသည်။ 

အဆိုပါ (၇) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး နိုင်ငံတကာပြပွဲ ဖွင့်ပွဲအခမ်းအနားနှင့် အကြိုအစည်းအဝေးတို့သို့ ချုံချင့်မြူနီစီပယ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီ ဒုတိယအတွင်းရေးမှူးနှင့် မြို့တော်ဝန်Mr. Hu Henghua နှင့် ချုံချင့်မြူနီစီပယ်အစိုးရ တာဝန်ရှိသူများ၊ ချုံချင့်မြို့နှင့် ချန်ဒူးမြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ ပြပွဲနှင့် အခမ်းအနားသို့ ဖိတ်ကြားထားသည့် နိုင်ငံတကာမှ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

 ဖွင့်ပွဲအခမ်းအနားပြီးနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များသည် ပြပွဲအတွင်း ခင်းကျင်းပြသထားသည့် ပြည်တွင်းနှင့် နိုင်ငံတကာကုမ္ပဏီများ၏ ထုတ်ကုန်ဆိုင်ရာ ပြခန်းများကို လေ့လာကြည့်ရှုခဲ့ကြပါသည်။ (၇) ကြိမ်မြောက် တရုတ်အနောက်ပိုင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး နိုင်ငံတကာပြပွဲတွင် အရေးကြီးသည့် ပူးပေါင်းဆောင်ရွက်‌ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လှုပ်ရှားမှုများ၊ နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ပါသည်။ ယင်းပြပွဲတွင် နိုင်ငံတကာမှ စီးပွားရေးဆိုင်ရာပြခန်းများ ပါဝင်ပြသထားပြီး မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာနှင့် လက်မှုပညာပြခန်း (၃) ခန်း ပါဝင်ပြသခဲ့ကြောင်း သိရှိရပါသည်။