University of Pretoria (UP) တွင် ကျင်းပသည့် International Students Day Celebration 2026 သို့ မြန်မာသံရုံး၊ ပရီတိုးရီးယားမြို့မှ ပါဝင်ဆင်နွဲခဲ့ခြင်း

(၅-၁၀-၂၀၂၆ ၊ ပရီတိုးရီးယား)

တောင်အာဖရိကနိုင်ငံ၊ ပရီတိုးရီးယားမြို့ရှိ University of Pretoria (UP) မှ ကြီးမှူး၍ International Students Day Celebration 2026 အခမ်းအနားကို Connecting Minds Inspiring Global Citizenship ဆောင်ပုဒ်ဖြင့် ၂-၁၀-၂၀၂၆ ရက်နေ့တွင် University of Pretoria (UP) ၏ Pretoria Campus ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ပရီတိုးရီးယားမြို့မှ ပါဝင်ဆင်နွဲခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ University of Pretoria (UP) ၏ အကြီးအကဲ Prof. Themba Mosia နှင့် တက္ကသိုလ်မှ တာဝန်ရှိသူများ၊ ပရီတိုးရီးယားမြို့အခြေစိုက် ဖိတ်ကြားထားသည့် သံရုံးအကြီးအကဲများနှင့် သံရုံးယာယီတာဝန်ခံများ၊ ကျောင်းသားကျောင်းသူများနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် University of Pretoria ၏ အကြီးအကဲ Prof. Themba Mosia က အဖွင့်နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ International Students Day Celebration 2026 အခမ်းအနားတွင် မြန်မာ သံရုံးအပါအဝင် ပရီတိုးရီးယားမြို့အခြေစိုက် သံရုံး (၂၃) ရုံးခန့်မှ နိုင်ငံအလိုက် ကိုယ်စားပြုခင်းကျင်းပြသသည့် ပြခန်းငယ်များ ဖွင့်လှစ်၍ ပါဝင်ခဲ့ကြပါသည်။ မြန်မာသံရုံး၊ ပရီတိုးရီးယားမြို့အနေဖြင့် မြန်မာ့ရိုးရာတူရိယာဖြစ်သည့် စောင်း၊ မြန်မာ့ရိုးရာလက်မှုပစ္စည်းများဖြစ်သည့် ယွန်းထည်များ၊ မြန်မာ့ရိုးရာ ချည်ထိုးပန်းချီကားများနှင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ စာစောင်များကို ခင်းကျင်းပြသခဲ့ပါသည်။ ထို့ပြင် ပြခန်းသို့ လာရောက်ကြည့်ရှုသူများအား မြန်မာ့ရိုးရာလက်ဖက်သုပ်ဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှု၊ လက်မှုပညာများနှင့် အစားအစာယဉ်ကျေးမှုတို့ကို မိတ်ဆက်ပြသခဲ့ပါသည်။