UNIDO က ကြီးမှူးကျင်းပသည့် Multilateral Industrial Policy Forum သို့ ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်(၂၁-၃-၂၀၂၃ ရက်)

(၂၁-၃-၂၀၂၃ ရက်၊ ဗီယင်နာ)

ဗီယင်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းသည် ကုလသမဂ္ဂစက်မှုဖွံ့ဖြိုးရေးအဖွဲ့ (United Nations Industrial Development Organization-UNIDO) က ကြီးမှူး၍ ၂၀-၃-၂၀၂၃ ရက်မှ ၂၁-၃-၂၀၂၃ ရက်အထိ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပခဲ့သော Multilateral Industrial Policy Forum-MIPF သို့တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲ၏ ပထမနေ့ ဖွင့်ပွဲအခမ်းအနားတွင် UNIDO ညွှန်ကြားရေးမှူးချုပ် Mr. Gerd Muller နှင့် စက်မှုဖွံ့ဖြိုးရေးဘုတ်အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌ ကော့စတာရီကာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် H.E. Alejandro Solano Ortiz တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး၊ ယခု Forum ကျင်းပခြင်းဖြင့် ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ၊ အထူးသဖြင့် SDG (9) ဖြစ်သည့် “Build resilient infrastructure, promote inclusive and sustainable industrialization and foster innovation” ကို အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုစေရန်ဖြစ်ကြောင်း၊ UNIDO ၏ စက်မှုမူဝါဒချမှတ်ရေးဆိုင်ရာ စွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများရှိ မူဝါဒချမှတ်သူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် စက်မှုကဏ္ဍတွင် ဆောင်ရွက်နေသူများအကြား အသိဉာဏ် ဗဟုသုတများ အပြန်အလှန်သင်ယူ ဖလှယ်နိုင်ရန်ဖြစ်ကြောင်း တို့ကို ထည့်သွင်းပြောကြားခဲ့ပါသည်။

ထို့နောက် High-Level Discussion ကို ဆက်လက်ကျင်းပခဲ့ရာ အာဂျင်တီးနား၊ အီကွေဒေါ၊ ဂျော်ဒန်၊ ပီရူး၊ ပါလက်စတိုင်း၊ တရုတ်၊ ဟန်ဂေရီနှင့် ဥရုဂွေးနိုင်ငံများမှ ဝန်ကြီး/ဒုတိယဝန်ကြီးအဆင့် ပုဂ္ဂိုလ်များက ၎င်းတို့၏ နိုင်ငံများအလိုက် စက်မှုဆိုင်ရာ မူဝါဒများ ချမှတ်ဆောင်ရွက်နေမှုများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကျွမ်းကျင်ပညာရှင်များက ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မူဝါဒများ ချမှတ်ရေးဆွဲရေး၊ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဆွေးနွေးပွဲ ဒုတိယနေ့တွင် စွမ်းအင်ထိရောက်စွာ အသုံးပြုနိုင်ရေး၊ Green Hyrdogen အသုံးပြုရေး၊ စက်မှုကဏ္ဍတွင် ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲအသုံးပြုရေးနှင့် စက်မှုဆိုင်ရာ မူဝါဒများ ချမှတ်ရာတွင် ကျား/မ တန်းတူညီမျှမှုရှိရေးတို့နှင့်ပတ်သက်၍ နိုင်ငံအလိုက်အတွေ့အကြုံများကို လည်းကောင်း၊ ကျွမ်းကျင်ပညာရှင်များနှင့် စက်မှုလုပ်ငန်းရှင်များ၏ အတွေးအမြင် ယူဆချက်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်တင်တင်ထူး(အွန်လိုင်းစနစ်ဖြင့်) နှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ဘာသာရပ်တာဝန်ခံ သံမှူး ဦးရဲမောင်သိမ်း တို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။