“The Light of the Golden Moon, Painted Art of Myanmar” မြန်မာပန်းယွန်း အနုပညာ ပြခန်းဖွင့်ပွဲကျင်းပ(၁၈-၅-၂၀၂၃ ရက်)

(၁၈-၅-၂၀၂၃ ရက်၊ မော်စကို)
 
(၇၅) နှစ်မြောက် မြန်မာ-ရုရှား နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်သည့် အထိမ်းအမှတ် အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ State Museum of Oriental Art နှင့် မြန်မာသံရုံး၊ မော်စကိုမြို့တို့ ပူးပေါင်းစီစဉ်သည့် “The Light of the Golden Moon, Painted Art of Myanmar” မြန်မာပန်းယွန်းအနုပညာပြခန်း ဖွင့်ပွဲအခမ်းအနားကို ၁၈-၅-၂၀၂၃ ရက်၊ ဒေသစံတော်ချိန် ၁၇၀၀ နာရီတွင် မော်စကိုမြို့ရှိ State Museum of Oriental Art ၌ ကျင်းပခဲ့ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးမှ တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ 
 
အဆိုပါဖွင့်ပွဲအခမ်းအနား၌ State Museum of Oriental Art ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexander V. Sedov မှ အဖွင့်မိန့်ခွန်းအား လည်းကောင်း၊ သံအမတ်ကြီး ဦးလွင်ဦး၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန တတိယအာရှဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Sergei G. Tolchenov ၊ ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Dmitry Malov နှင့် ပြတိုက်၏ သုတေသနမှူးနှင့် ပြခန်းတာဝန်ခံ Mrs. Natalia Gozheva တို့မှ နှုတ်ခွန်းဆက်စကားများအား လည်းကောင်း အသီးသီး ပြောကြားခဲ့ပါသည်။ 
 
ဖွင့်ပွဲအခမ်းအနားသို့ မြန်မာသံရုံးနှင့် စစ်သံရုံး ဝန်ထမ်းများနှင့် မိသားစုများ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သံတမန်များ၊ ရုရှားနိုင်ငံ၌ ပညာသင်ကြားနေကြသည့် မြန်မာကျောင်းသားကျောင်းသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ 
 
“The Light of the Golden Moon, Painted Art of Myanmar” ပြခန်းတွင် မြန်မာ့ယွန်းထည်နှင့် အနုပညာပစ္စည်းပေါင်း (၁၀၀) ကျော်ကို အများပြည်သူကြည့်ရှုနိုင်ရန် ၁၈-၅-၂၀၂၃ ရက်မှ ၂-၇-၂၀၂၃ ရက်အထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။