(၂၆-၂-၂၀၂၆ ရက်၊ တိုကျို)
The 47th OISCA International Tokyo Forum ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ဂျပန်အောက်လွှတ်တော်ရုံး အဆောက်အအုံရှိ International Conference Hall ၌ ကျင်းပခဲ့ရာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးဦးကျော်ထွန်း ပါဝင် တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် OISCA International ၏ ဥက္ကဋ္ဌ Ms. Nakano Etsuko က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ The Association of Japanese Diet Members Supporting OISCA ၏ ဥက္ကဋ္ဌနှင့် ဂျပန်နိုင်ငံ၏ အောက်လွှတ်တော်အမတ်ဖြစ်သူ ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr. Shigeru Ishiba နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယလက်ထောက်ဝန်ကြီးဖြစ်သူ Ms. Toshimi Nishizaki တို့က အမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။ ထို့နောက် OISCA International ၏ အတွင်းရေးမှူးချုပ်ဖြစ်သူ Mr. Kitsuki Fumio က OISCA ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးကျော်ထွန်းက OISCA International ၏ မြန်မာနိုင်ငံရှိ စီမံကိန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီး၊ OISCA International မှ မြန်မာနိုင်ငံတွင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေး တိုင်းဒေသကြီးတို့တွင် သင်တန်းကျောင်း ၂ ခုဖွင့်လှစ်ကာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍများနှင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝမြှင့်တင်နိုင်ရေးတို့အတွက် ပံ့ပိုးကူညီပေးမှုများအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် ဆက်လက်၍ ပံ့ပိုးကူညီမှုများ ပေးအပ်စေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် OISCA International မှ တာဝန်ရှိသူ များ၊ OISCA International ၏ လုပ်ငန်းစီမံကိန်းများ ဆောင်ရွက်လျက်ရှိသော နိုင်ငံများမှ ဖိတ်ကြားထားသည့် သံအမတ်ကြီးများနှင့် သံရုံးများမှ ကိုယ်စားလှယ်များ၊ OISCA ၏ လုပ်ငန်းများအား ပံ့ပိုးပေးလျက်ရှိသော အထူးဖိတ်ကြားထားသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ စုစုပေါင်း ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



