The 2026 Spring Tea Gathering Program သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ပါဝင်တက်ရောက်

(၂၄-၁-၂၀၂၆ ရက်၊ နန်နင်းမြို့)

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ၂၄-၁-၂၀၂၆ ရက်နေ့တွင် ကွမ်ရှီးဒေသ၊ ကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် The 2026 Spring Tea Gathering Program သို့ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစီအစဉ်၌ ကွမ်ရှီးဒေသကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Yang Chunting က ၂၀၂၅ ခုနှစ်အတွင်း ကွမ်ရှီးဒေသနှင့်အာဆီယံနိုင်ငံများအကြား ကုန်သွယ်မှုနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအခြေအနေစသည်တို့ကိုဆွေးနွေးခဲ့ပြီး၊ နန်နင်းမြို့အခြေစိုက် အာဆီယံနိုင်ငံများမှကောင်စစ်ဝန်ချုပ်များက အမှာစကားများ အသီးသီးပြောကြားခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ်ဒေါ်ခိုင်ဆုလင်းက ကွမ်ရှီးဒေသကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ မြန်မာကောင်စစ်ဝန်ချုပ်ရုံးအား ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ ၂၀၂၅ခုနှစ်၏ ပထမ(၁၁)လအတွင်းကွမ်ရှီးဒေသနှင့်မြန်မာနိုင်ငံအကြားကုန်သွယ်မှုသည် သိသာထင်ရှားသော အောင်မြင်မှုတစ်ရပ်ရရှိခဲ့ပြီး၊ နှစ်စဉ် ၆၄% တိုးတက်မှုရှိခဲ့ကြောင်း၊ ၂၀၂၆ခုနှစ် ကွမ်ရှီးပိုးလမ်းမကြီးသစ် နှစ်သစ်ကူးနယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးပြပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းသည် အာဆီယံထုတ်ကုန်များ တရုတ်ဈေးကွက်အတွင်းဝင်ရောက်ရန် လမ်းကြောင်းဖွင့်ပေးခဲ့ကြောင်း၊ ထို့ပြင် နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်ကူးသန်းရောင်းဝယ်ရေးကိုမြှင့်တင်ခြင်း၊ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု လွယ်ကူ ချောမွေ့စေရေး၊ဒစ်ဂျစ်တယ်စီးပွားရေး၊AIအက်ပလီကေးရှင်းများ၊ မြန်မာ-ကွမ်ရှီး ထောက်ပံ့ရေး ကွင်းဆက်ချိတ်ဆက်မှု၊ (၁၅)ကြိမ်မြောက်ငါးနှစ်စီမံကိန်းကာလအတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသောဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေးနှင့် စွမ်းအင်မြှင့်တင်ရေးစသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန် အဆိုပြုဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။