Surajkund International Crafts Mela တွင် မြန်မာသံရုံး၊ နယူးဒေလီမြို့မှ ပါဝင်ဆင်နွှဲ(၁၀-၂-၂၀၂၃ ရက်)

(၁၀-၂-၂၀၂၃ ရက်၊ နယူးဒေလီ)
 
အိန္ဒိယနိုင်ငံ၊ ဟာရီရာနပြည်နယ်၊ ဖရီဒါဘတ်မြို့၌ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ Surajkund International Crafts Mela ကို အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့၏ စီစဉ်မှုဖြင့် ကျင်းပလျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) Council of Head of State ၏ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်လျက် ရှိရာ၊ အိန္ဒိယနိုင်ငံပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများနှင့် နိုင်ငံတကာမှ ယဉ်ကျေးမှု ရိုးရာ အနုပညာများပစ္စည်းများ၊ ကုန်စည်များ မိတ်ဆက်ခင်းကျင်း ပြသရောင်းချသည့် အဆိုပါဈေးပွဲတော် သို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ အဖွဲ့ဝင်၊ လေ့လာသူနှင့် ဆွေးနွေးဖက်နိုင်ငံများမှ ပါဝင်ဆင်နွှဲနိုင်ရေး ဖိတ်ခေါ်ခဲ့မှုအရ ယခုနှစ်တွင် SCO ဆွေးနွေးဖက်နိုင်ငံ ဖြစ်လာခဲ့သည့် မြန်မာနိုင်ငံကိုယ်စား နယူးဒေလီမြို့ရှိ မြန်မာသံရုံးမှလည်း ပထမဆုံးအကြိမ်အဖြစ် မြန်မာမှုပစ္စည်းများကို ပြခန်းတစ်ခန်း ပါဝင် ခင်းကျင်းပြသရောင်းချခဲ့ပါသည်။
 
၃-၂-၂၀၂၃ ရက်နေ့တွင် ကျင်းပသည့် Surajkund International Crafts Mela ဖွင့်ပွဲအခမ်းအနားသို့ အိန္ဒိယနိုင်ငံ ဒုတိယသမ္မတ H.E. Shri Jagdeep Dhankhar နှင့် ဇနီးတို့မှ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ယင်းအခမ်းအနားသို့ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်ခဲ့ပါသည်။ ထို့ပြင် မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် ၉-၂-၂၀၂၃ ရက်နေ့တွင် ဟာရီရာန ပြည်နယ်ဝန်ကြီးချုပ် H.E. Shri Manohar Lal Khattar မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ပါသည်။  
 
Surajkund International Crafts Mela တွင် မြန်မာသံရုံးမှ မြန်မာ့ရိုးရာအစားအစာ၊ ယဉ်ကျေးမှု ရိုးရာယွန်းထည်ပစ္စည်းများ၊ ကျောက်စိမ်းလက်ဝတ်ရတနာများ၊ သဲပန်းချီ၊ ပုသိမ်ထီး၊ သဘာဝဆိုးဆေး အသုံးပြုထားသည့် ချည်ထည်များနှင့် အသုံးအဆောင်ပစ္စည်းများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်မှ ၆ ရက်အထိ ခင်းကျင်းပြသ ရောင်းချခဲ့ကြကြောင်း သိရှိရပါသည်။