( ၁၇-၄-၂၀၂၆ရက်၊နန်နင်း )
နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းသည် နန်နင်းမြို့တွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီးပွားရေးရာဦးစီးဌာနမှ ဦးစီးကျင်းပသော Shopping in China 2026 Guangxi “33 Consumption Festival” ဖွင့်ပွဲအခမ်းအနား သို့ နန်နင်းမြို့ အခြေစိုက် အာဆီယံနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအစိုးရ ဒုတိယအုပ်ချုပ်ရေး မှူး Ms. Lu Xinning က အဓိကမိန့်ခွန်းပြောကြားခဲ့ကာ China Union Pay မှ ဒုတိယဥက္ကဋ္ဌ Mr. Chen Yu က ဧည့်ကြိုအမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ကွမ်ရှီးဒေသ၏ အမှတ်တံဆိပ်များ၊ ဒေသထွက်ကုန်များနှင့် စားသုံးသူများအတွက် အထူးခံစားခွင့်များ၊ AI နည်းပညာသုံး နွေဦးအားလပ်ရက်နှင့် ကွမ်ရှီးတွင် ပျော်ရွှင်ဖွယ် ဈေးဝယ်ခြင်း၊ ကမ္ဘာနှင့်ချိတ် ဆက်မည့် စမတ်နည်းပညာများ၊ အွန်လိုင်းဈေးဝယ် ပလက်ဖောင်းမှ အထူးဈေးရောင်း အစီအစဉ်များ၊ အာဆီယံအဆင့်မြင့်ထုတ်ကုန်များ ရွေးချယ်မှု အစီအစဉ်များ၊ AI နည်းပညာသုံး မျက်လှည့်ပြကွက်အစီအစဉ်၊ စတိုးဆိုင်ပေါင်း ထောင်ချီနှင့် ကုန်ပစ္စည်းပေါင်း သန်းချီ ပါဝင်မည့် အစီအစဉ်များ၊ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်များကို ရှင်းလင်း တင်ဆက် ပြသခဲ့ပြီးနောက် ပွဲတော်ကို ဖွင့်လှစ်ခဲ့ပါသည်။
ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ဈေးပွဲတော်အတွင်း မြန်မာနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများ၏ ထွက်ကုန်ပစ္စည်းများ ခင်းကျင်းထားမှုကို လိုက်လံရှင်းလင်း ပြသခဲ့ပါသည်။
ယခုပွဲတော်ကို ” Visit Guangxi for Spring Break, Celebrate Sanyuesan with Joy & Shopping” ဟူသော ခေါင်းစဉ်ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခြင်းဖြစ်ပါသည်။



