နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း သည် ၂၈-၄-၂၀၂၆ ရက်၊ နံနက်ပိုင်းတွင် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့ရှိ Grand Metropark Hotel ၌ ကျင်းပခဲ့သည့် “Liaison Officials Meeting for the 22nd China-ASEAN Business and Investment Summit (CABIS)” သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးသို့ Chian Council for the Promotion of International Trade (CCPIT) ၏ ဒုတိယဥက္ကဋ္ဌ Mr. Liu Jiannan၊ ကွမ်ရှီးဒေသ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး Ms. Lu Xinning၊ CABIS Secretariat မှ အတွင်းရေးမှူးချုပ် Ms. Yang Yanyan နှင့် တာဝန်ရှိသူများ၊ နန်နင်းမြို့နှင့် ကွမ်ကျိုးမြို့ရှိ အာဆီယံနိုင်ငံများ၏ ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ၊ အာဆီယံနိုင်ငံများ၏ ကုန်သည်စက်မှုအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် CCPIT ဒုတိယဥက္ကဋ္ဌ Mr. Liu Jiannan၊ ကွမ်ရှီးဒေသ ဒုတိယ မြို့တော်ဝန် Ms. Lu Xinning တို့က အဖွင့်အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီး၊ အတွင်းရေးမှူးချုပ် Ms. Yang Yanyan က ၂၃ ကြိမ်မြောက် တရုတ်-အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုထိပ်သီးအစည်းအဝေး (China-ASEAN Business and Investment Summit – CABIS) တွင် ထည့်သွင်းကျင်းပမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ အကျဉ်းချုပ် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက 23rd CABIS အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်းက ၂၀၂၆ ခုနှစ်သည် အာဆီယံ-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထိရောက်စွာအကောင်အထည် ဖော်နိုင်ရေးအတွက် အာဆီယံ-တရုတ်လုပ်ငန်း အစီ အစဉ် (၂၀၂၆-၂၀၃၀) စတင်သည့်နှစ်နှင့် တရုတ်-အာဆီယံလွတ်လပ်သောကုန်သွယ်ရေးဇုန် CAFTA 3.0 စတင် အကောင်အထည်ဖော်သည့်နှစ် ဖြစ်ပြီး၊ မြန်မာနိုင်ငံအတွက် CAFTA 3.0 သည် ကုန်သွယ်မှု သဘောတူညီချက်တစ်ခုသာမက ဒစ်ဂျစ်တယ်ကုန်သွယ်မှု၊ အီး-ကောမတ်စ် (E-commerce) နှင့် အစိမ်းရောင်စီးပွားရေး (Green Economy) ကို ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် UMFCCI မှတစ်ဆင့် AI ကို အခြေခံအဆင့် သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း၊ ကျေးလက် နှင့်မြို့ပြ တန်းတူအသုံးပြုနိုင်ရေးအတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းနှင့် စိုက်ပျိုးရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ရှေ့ပြေးစီမံကိန်းများဖြင့် CABIS ၏ ရည်ရွယ်ချက် များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား China-Myanmar AI Collaborative Innovation Centre ထူထောင်ရန်လည်း အဆိုပြု ထားပါကြောင်း၊ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် မြန်မာသည် CABIS မူဘောင် အောက်တွင် ရင်းနှီးမြှုပ်နှံမှု၊ တန်ဖိုးမြင့်စိုက်ပျိုးရေးထွက်ကုန်များ၊ အရည်အသွေးမြင့် ကုန်စည်များ ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ ဒေသတွင်း ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ် ချောမွေ့ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်းမြေ-ရေကြောင်း နိုင်ငံတကာ ကုန်သွယ်ရေး စင်္ကြံသစ် (ILSTC) နှင့် ဖင်လုတူးမြောင်း ဖွင့်လှစ်နိုင်မည်ဆိုပါက မြန်မာကုန်စည်များ တရုတ် ဈေးကွက်သို့ ဝင်ရောက်ရန် ပိုမိုထိရောက်သော လမ်းကြောင်းကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။
ထို့နောက် အတွင်းရေးမှူး Ms. Yang Yanyan က ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။



