LANNA EXPO 2026 ကုန်စည်ပြပွဲ၌ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့က မြန်မာနိုင်ငံကိုယ်စားပြုပြခန်း ခင်းကျင်းပြသခဲ့ခြင်း

(၁၃-၁၀-၂၀၂၆၊ ချင်းမိုင်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ၁၂-၁၀-၂၀၂၆ ရက်၊ ညနေ ၁၆:၀၀ နာရီအချိန်တွင် ချင်းမိုင်မြို့၊ အပြည်ပြည်ဆိုင်ရာပြပွဲနှင့် ကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပသည့် LANNA EXPO 2026 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ LANNA EXPO 2026 ကုန်စည်ပြပွဲကို “The Lanna Synergy for Sustainability” ခေါင်းစဉ်ဖြင့် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ လန်ပန်း၊ လန်ဖွန်း၊ မယ်ဟောင်ဆောင်ခရိုင်တို့ရှိ အုပ်ချုပ်ရေးမှူးရုံးများနှင့် အစိုးရအဖွဲ့အစည်းများက ကြီးမှူးကျင်းပခြင်းဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူး Mr. Tosapol Phuean-udom၊ မယ်ဟောင်ဆောင်ခရိုင်နှင့် လန်ပန်းခရိုင်များမှ အုပ်ချုပ်ရေးမှူးများ၊ လန်ဖွန်းခရိုင်မှ ဒုတိယအုပ်ချုပ်ရေးမှူး၊ ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် ခရိုင်အဆင့် အစိုးရရုံးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

LANNA EXPO 2026 ကုန်စည်ပြပွဲကို ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာကောင်စစ်ဝန်ချုပ်ရုံးသည် မြန်မာနိုင်ငံကိုယ်စားပြုပြခန်း ၃ ခန်း ဖွင့်လှစ်၍ မြန်မာရိုးရာယဉ်ကျေးမှု အနုပညာလက်ရာပစ္စည်းများ၊ မြန်မာတိုင်းရင်းသားများ၏ ရိုးရာအဝတ်အထည်များနှင့် ကုန်းဘောင်ခေတ်မြန်မာလူမျိုးတို့၏ ဝတ်စားဆင်ယင်မှုများ၊ မြန်မာ့သနပ်ခါးနှင့် ဒေသထွက်ကုန်ပစ္စည်းများကို ခင်းကျင်းပြသထားပါသည်။

LANNA EXPO 2026 ကုန်စည်ပြပွဲ၌ ပြခန်းအမျိုးအစား စုစုပေါင်း ၁၃ မျိုးရှိပြီး လန်နာ (ထိုင်းနိုင်ငံမြောက်ပိုင်း) ဒေသ၏ ယဉ်ကျေးမှု၊ ဟာလာလ်အစားအစာ၊ ဒေသထွက်ကုန်ဈေးတန်း၊ Good Food Fest အစားအစာပွဲတော်၊ ခေတ်မီစိုက်ပျိုးရေး၊ ထိုင်းနိုင်ငံ၏ တော်ဝင်အသိုက်အဝန်းက ထိုင်းနိုင်ငံအတွက် ဆောင်ရွက်လျက်ရှိသည့် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ဆောင်မှုများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနှင့် လူမှုအသိုက်အဝန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် လမ်းညွှန်ထားသည့် အသိပညာများ၊ AI နည်းပညာနှင့် လန်နာယဉ်ကျေးမှုပေါင်းစပ်ရေး၊ ယူနက်စကိုက လက်မှုပညာနှင့် ရိုးရာအနုပညာဆိုင်ရာ ဖန်တီးမှုမြို့တော်အဖြစ် အသိအမှတ်ပြုထားသော ချင်းမိုင်မြို့၏ ဖန်တီးမှုဆိုင်ရာ စွမ်းပကားနှင့် အခွင့်အလမ်းများကို ခင်းကျင်းပြသထားသည့် ဖန်တီးမှုမြို့တော် ချင်းမိုင်၊ ဒေသထွက်လက်မှုပညာနှင့် အရည်အသွေးမြင့်ကော်ဖီ၊ ဒေသတွင်းထုတ်ကုန်များ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေးတို့ကို မြှင့်တင်ပေးပြီး ပြည်ပရှိ ကြီးမားသော ဈေးကွက်များဆီသို့ တင်ပို့ရောင်းချနိုင်ရန် လမ်းဖွင့်ပေးသည့် ကမ္ဘာ့ဈေးကွက်ချိတ်ဆက်မှု၊ ထိုင်းနိုင်ငံပြည်တွင်းနှင့် ပြည်ပစီးပွားရေးလုပ်ငန်းရှင်များကို အလားအလာရှိသော စီးပွားရေးမိတ်ဖက်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ပေးမည့် စီးပွားရေးမိတ်ဖက် ရှာဖွေချိတ်ဆက်မှု၊ ကိုယ်စိတ်နှလုံးကျန်းမာမှုနှင့် ချင်းမိုင်ညဈေးတန်း စားသောက်ဖွယ်ရာများဟူ၍ ဖြစ်ပြီး ပြခန်းပေါင်း ၁,၀၀၀ ကျော် ပါဝင်ပြသလျက် ရှိပါသည်။