LANNA EXPO 2025 ၌ ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့က မြန်မာနိုင်ငံကိုယ်စားပြုပြခန်း ခင်းကျင်းပြသ (၂၃-၇-၂၀၂၅ ရက်)

(၂၃-၇-၂၀၂၅ ရက်၊ ချင်းမိုင်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းသည် ၂၃-၇-၂၀၂၅ ရက်၊ ညနေ ၄ နာရီအချိန်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှ ၂၈ ရက်အထိ ချင်းမိုင်မြို့၊ အပြည်ပြည်ဆိုင်ရာပြပွဲနှင့် ကွန်ဗင်းရှင်းဗဟိုဌာနတွင် ကျင်းပသည့် LANNA EXPO 2025 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ LANNA EXPO 2025 ကို ချင်းမိုင်ခရိုင်၊ အုပ်ချုပ်ရေးမှူးရုံးနှင့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသကြီး၊ အမှတ်-၁ တိုင်းဒေသဦးစီးရုံးတို့မှ Lanna Go Inter: From Local to Global ခေါင်းစဉ်ဖြင့် ကြီးမှူးကျင်းပခြင်းဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ထိုင်းနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီး Mr.Jatuporn Buruspat ၊ ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးမှူး Mr. Nirat Phongsitthithaworn နှင့် ချင်းမိုင်မြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်များ၊ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်များနှင့် ခရိုင်အဆင့်အစိုးရရုံးဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

LANNA EXPO 2025 တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသည် မြန်မာနိုင်ငံကိုယ်စားပြုပြခန်း ဖွင့်လှစ်၍ မြန်မာရိုးရာယဉ်ကျေးမှု အနုပညာလက်ရာပစ္စည်းများ၊ မြန်မာ့ရိုးရာစားသောက်ဖွယ်ရာများနှင့် ဒေသထွက်ကုန်ပစ္စည်းများကို ခင်းကျင်းပြသထားပါသည်။ အထူးအစီအစဉ်အနေဖြင့် မြန်မာ့ရိုးရာသနပ်ခါးအား UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရန်လှုပ်ရှားမှု အထောက်အကူပြု အစီအစဉ်အနေဖြင့် သနပ်ခါးမိတ်ဆက်နှင့် သနပ်ခါးအလှလိမ်းခြယ်ခြင်း အစီအစဉ် ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ဖွင့်ပွဲနေ့တွင် ချင်းမိုင်မြို့ရောက် မြန်မာအသိုက်အဝန်းမှ မြန်မာအမျိုးသမီးငယ်လေးများ၏ မြန်မာ့ရိုးရာပုသိမ်ထီးဖြင့် မြန်မာ့တေးသရုပ်ဖော် ကပြဖျော်ဖြေတင်ဆက်မှုအား ဆောင်ရွက်ခဲ့ပါ သည်။

ယခုကုန်စည်ပြပွဲတွင် ထိုင်းနိုင်ငံမြောက်ပိုင်းခရိုင်များမှ ဒေသထွက်စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ ထိုင်းရိုးရာအဝတ်အထည်များနှင့် နိုင်ငံရပ်ခြားသို့တင်ပို့သော ခေတ်မီအဝတ် အထည်များ၊ ရိုးရာလက်မှုပစ္စည်းများနှင့် လက်ဝတ်ရတနာများအပါအဝင် ပြခန်းပေါင်း ၉၀၀ ကျော် ပါဝင်ပြသလျက်ရှိပါသည်။

အခမ်းအနားအပြီးတွင် ကောင်စစ်ဝန်ချုပ်က ထိုင်းနိုင်ငံ၊ ကုန်သွယ်ရေးဝန်ကြီးအား မြန်မာနိုင်ငံကိုယ်စားပြု ခင်းကျင်းပြသထားသော ပြခန်းသို့ ဖိတ်ခေါ်၍ ခင်းကျင်းထားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်း ပေးအပ်ခဲ့ပါသည်။

****************