(၂-၆-၂၀၂၅ ရက်၊ ဆိုးလ်)
ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဂျေဂျူးကျွန်းတွင် ၂၉-၅-၂၀၂၅ ရက်နေ့မှ ၃၀-၅-၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် Jeju Forum 2025: “Beyond Boundaries: Strengthening ASEAN-Korea Synergies under the Comprehensive Strategic Partnership” ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
မြန်မာသံအမတ်ကြီးသည် အခြားအာဆီယံသံအမတ်ကြီးများနှင့်အတူ Jeju Forum 2025, Panel Discussion သို့ အာဆီယံနှင့် ကိုရီးယားနိုင်ငံတို့အကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး အတွက် ဆွေးနွေးအဖြေရှာကြသည့် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပြီး ညပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Cho Tae-yul က ကြီးမှူးပြုလုပ်သည့် Gala Dinner သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
သံအမတ်ကြီးသည် ၃၀-၅-၂၀၂၅ ရက်နေ့တွင် (၃၅) နှစ်မြောက် အာဆီယံ-ကိုရီးယား ဆွေးနွေးဖက်ဆက်ဆံရေးအထိမ်းအမှတ်အဖြစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်သတ်မှတ်ထားရှိသည့် ဂျေဂျူးကျွန်းရှိ (၁၉) ကီလိုမီတာ ရှည်လျားသော ကျွန်းပတ်လည်လျှောက်လမ်း အမှတ် (၈) အား ASEAN-Korea Olle လျှောက်လမ်းတစ်လျှောက်တွင် မြန်မာအပါအဝင် အာဆီယံနိုင်ငံ (၁၀) နိုင်ငံ အမည်ဖော်ပြ၍ ကျောက်သားဖြင့် ထွင်းထုထားသည့် ခုံရှည်များအား ယခုနှစ် နိုဝင်ဘာလတွင် အချိန်မီ ပြီးစီးရေးအတွက် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ တက်ရောက်ကာ လျှောက်လမ်းအား လေ့လာကြည့်ရှုခဲ့ပါသည်။ ယင်းနောက် Jeju ASEAN Hall သို့ ဆက်လက်သွားရောက်ကာ မြန်မာသံရုံးမှ ထည့်ဝင်လှူဒါန်းထားသည့် မြန်မာအနုပညာပစ္စည်းများနှင့် စာအုပ်စာတမ်းများအား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရပါသည်။
************



