IKEBANA International Fair 2022 သို့ မြန်မာသံရုံး၊ တိုကျိုမြို့မှ ပါဝင်ဆင်နွှဲ(၁၆-၁၂-၂၀၂၂ ရက်)

(၁၆-၁၂-၂၀၂၂ ရက်၊ တိုကျို)

တိုကျိုမြို့အခြေစိုက် အီကေဘားနား နိုင်ငံတကာပြပွဲ၏ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် IKEBANA International Fair 2022 ကို တိုကျိုမြို့ရှိ Royal Park Hotel ၌ ၁၂-၁၂-၂၀၂၂ ရက် (တနင်္လာနေ့) တွင် ကျင်းပခဲ့ရာ မြန်မာသံရုံး၊ တိုကျိုမြို့မှ မြန်မာ့ရိုးရာလက်မှုပစ္စည်းများအား ပါဝင်ခင်းကျင်းပြသ ရောင်းချခဲ့ပါသည်။

IKEBANA International Fair 2022 သို့ H.I.H Princess Takamado ၊ တိုကျို မြို့တော်ဝန် Mrs. Yuriko Koike ၊ တိုကျိုမြို့ အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများ၊ ဇနီးများ၊ ဂျပန်နိုင်ငံသားများအပြင် စိတ်ပါဝင်စားသူ အများအပြား လာရောက်ကြည့်ရှုခဲ့ကြပါသည်။ ပြပွဲသို့ ဂျပန်နိုင်ငံရှိ စီးပွားရေးကုမ္ပဏီများ၊ အဖွဲ့အစည်းများအပြင် အာရှ၊ ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် တောင်အမေရိကဒေသနိုင်ငံများရှိ သံရုံးများမှ ပြခန်းများနှင့် ဆိုင်ခန်းများ ဖွင့်လှစ်၍ ရိုးရာအစားအသောက်များ၊ ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ် အသုံးအဆောင် ပစ္စည်းများအား ခင်းကျင်းပြသ ရောင်းချခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် H.I.H Princess Takamado မှ အမှာစကားပြောကြားခဲ့ပြီး၊ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် H.I.H Princess Takamado သည် ဂျပန်အီကေဘားနား ပန်းပြပွဲတွင် ခင်းကျင်းပြသထားမှုများ၊ သံရုံးပြခန်း ဆိုင်ခန်းများနှင့် ဂျပန်ကုမ္ပဏီအဖွဲ့အစည်းများ၏ ပြခန်းဆိုင်ခန်းများအား လှည့်လည်ကြည့်ရှု ဝယ်ယူအားပေးခဲ့ပြီး သံအမတ်ကြီးများ၏ ဇနီးများနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ပါသည်။

IKEBANA International Fair 2022 တွင် မြန်မာသံရုံးမှ ပြခန်းဖွင့်လှစ်၍ မြန်မာ့ယဉ်ကျေးမှု ရိုးရာယွန်းထည်ပစ္စည်းများ၊ မြန်မာ့တွင်းထွက် လက်ဝတ်ရတနာများ၊ ကျောက်စိမ်းလက်ဝတ် ရတနာများ၊ မြန်မာ့ရွှေချည်ထိုး၊ ငွေချည်ထိုးအသုံးအဆောင်များ၊ မြန်မာ့သစ်ဖြင့် ပြုလုပ်ထား သည့် အသုံးအဆောင်ပစ္စည်းများ၊ မြန်မာ့ချည်ထည်အသုံးအဆောင် ပစ္စည်းများ စသည်တို့ကို ပြသရောင်းချခဲ့ပါသည်။ ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ သဘာဝအလှအပများ၊ သတင်း အချက်အလက်များ ပါဝင်သည့် လက်ကမ်းစာစောင်များကိုလည်း လာရောက် ကြည့်ရှုသူများအား ဖြန့်ဝေခဲ့ပါသည်။ မြန်မာပြခန်းတွင် မြန်မာ့ကော်ဖီထုတ်ကုန်များ၊ မြန်မာ့သစ်များ၊ မြန်မာ့ ချည်ထည်များအား ဂျပန်နည်းပညာ အသုံးပြု၍ ထုတ်လုပ်ထားသည့် လူသုံးကုန်ပစ္စည်းများကိုလည်း ခင်းကျင်းပြသရောင်းချခဲ့ကြောင်း သိရှိရပါသည်။