ဖိလစ်ပိုင်နိုင်ငံ အစားအစာထုတ်လုပ်သူများနှင့် တင်ပို့သူများအဖွဲ့မှ ကြီးမှူးကျင်းပ သည့် IFEX PHILIPPINES 2026 ကုန်စည်ပြပွဲကို ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ မနီလာမြို့ရှိ World Trade Center ၌ ကျင်းပပြုလုပ်လျက်ရှိရာ မနီလာမြို့ အခြေစိုက် မြန်မာသံရုံးမှ ပါဝင်ပြသခဲ့ပါသည်။ အဆိုပါပြပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ဖိလစ်ပိုင်နိုင်ငံသမ္မတ၏ ဇနီး Mrs. Lousie Araneta Marcos တက်ရောက်ကာ ဖွင့်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးခဲ့ ပါသည်။ ယင်းအခမ်းအနားသို့ အာဆီယံနိုင်ငံများမှ သံရုံးအကြီးအကဲများနှင့်အတူ မြန်မာသံရုံး ယာယီတာဝန်ခံ ဦးစိုးကိုကို တက်ရောက်ခဲ့ပါသည်။
ယင်းပြပွဲတွင် မြန်မာ့ထွက်ကုန်ပစ္စည်းများဖြစ်သည့် ရွှေဘိုပေါ်ဆန်းမွှေးဆန်၊ မြန်မာ့ ရိုးရာ ချည်ထည်များ၊ ကြာချည်ဖြင့် ရက်လုပ်ထားသော လက်ယက်ကန်းထည်ပုဝါများ၊ မြန်မာ့သနပ်ခါး၊ မြန်မာလက်ဖက်ရည်နှင့် ကျောက်စိမ်းပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါ သည်။ အဆိုပါပြပွဲသို့ ပြည်တွင်း/ပြည်ပမှ ကုန်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဧည့်သည်များ အပါအဝင် လူဦးရေ ၁,၀၀၀ ကျော် လာရောက်လေ့လာကြည့်ရှုခဲ့ကြပါသည်။
ထို့ပြင် မြန်မာသံရုံးအနေဖြင့် လာရောက်လေ့လာသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဧည့်သည်များအား မြန်မာ့ရိုးရာသနပ်ခါး၏ အကျိုးကျေးဇူးများနှင့် အသုံးပြုပုံများကို လက်တွေ့ ရှင်းလင်းပြသခြင်း၊ မြန်မာ့လက်ဖက်ရည်၏ အရသာနှင့် ယဉ်ကျေးမှုကို သိရှိခံစားနိုင်စေရန် ရည်ရွယ်၍ လက်ဖက်ရည်များကို အခမဲ့တိုက်ကျွေးခြင်း၊ မြန်မာ့ရွှေဘို ပေါ်ဆန်းမွှေးဆန်၏ ချက်ပြုတ်ပြင်ဆင်ပုံများကို သရုပ်ပြရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါသည်။
မြန်မာသံရုံးအနေဖြင့် IFEX PHILIPPINES 2026 ကုန်စည်ပြပွဲတွင် ပါဝင်ဆင်နွှဲခြင်း အားဖြင့် ဖိလစ်ပိုင်ဈေးကွက်အတွင်း မြန်မာ့ထွက်ကုန်ပစ္စည်းများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေး အခွင့်အလမ်းများကို ပိုမိုမြှင့်တင်နိုင်ရန်နှင့် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် ရည်ရွယ်ပါသည်။




