(၂၆-၉-၂၀၂၆ ရက်၊ နယူးယောက်)
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံနှင့်ဆက်စပ်၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက် နံနက်ပိုင်းတွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ ရုရှားအမြဲတမ်းကိုယ်စားလှယ်ရုံး၌ ကျင်းပသော Eurasian Charter of Diversity and Multipolarity in 21st Century ဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးကို ရုရှားနိုင်ငံခြားရေးဝန်ကြီး H.E. Sergey Lavrov နှင့် ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး H.E. Maxim Ryzhenkov တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊ အီရန်၊ ဂျော်ဒန်၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ လာအို၊ အိုမန်၊ သီရိလင်္ကာ၊ တာဂျစ်ကစ္စတန်၊ ထိုင်း၊ တူကီယဲ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဥဇဘက်ကစ္စတန်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ကာဇက်စတန်၊ တာဂျစ္စတန်နှင့် ကာဂျစ္စတန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးအပြီးတွင် “၂၁ ရာစု မတူကွဲပြားမှုနှင့် ဗဟုဝင်ရိုးစနစ်ဆိုင်ရာ ယူရေးရှားပဋိညာဉ်စာတမ်း” နှင့်စပ်လျဉ်းသည့် စေ့စပ်ညှိနှိုင်းမှုများ စတင်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

