ကူဝိတ်နိုင်ငံရှိ Asia Kuwit News၊ Al Ansari Exchange နှင့် Monoprix Hypermarket တို့ပူးပေါင်းစီစဉ်မှုဖြင့် Discover Asia: Tourism, Products And Services Exhibition ကို ကူဝိတ်မြို့ Assima Mall ၌ ၂၀-၆-၂၀၂၆ ရက်နေ့ မွန်းလွဲ ၁၂၃၀ နာရီမှ ည ၀၉၀၀ နာရီအထိ ပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ကူဝိတ်မြို့မှ မြန်မာပြခန်းတစ်ခု ဖွင့်လှစ်ပြသခဲ့ပါသည်။ ယင်းပြပွဲ၌ မြန်မာသံရုံးအပြင် ကူဝိတ်ရှိ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဘူတန်၊ ပါကစ္စတန်နိုင်ငံ သံရုံးတို့မှလည်းကောင်း၊ အခြားသောစီးပွားရေးလုပ်ငန်း(၂၅)ခုခန့်ကလည်းကောင်း ပြခန်းများအသီးသီး ဖွင့်လှစ်ပြသခဲ့ကြပါသည်။
မြန်မာပြခန်းတွင် မြန်မာလက်မှုအနုပညာ ယွန်းထည်ပစ္စည်းများ၊ လက်မှုပစ္စည်းများ၊ ကျောက်စိမ်းအသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပြီး၊ မြန်မာနိုင်ငံ၏ ခရီးသွားနေ ရာများ၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ အချက်အလက်များ၊ အထင်ကရနေရာများဆိုင်ရာအချက်အလက်များကို လက်ကမ်းစာစောင်၊ CD များဖြင့် အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြန်မာခရီး သွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ ဗီဒီယိုများကိုလည်းဖွင့်လှစ်ပြသခဲ့ပါသည်။ ထို့အပြင်အထက်ပါပြပွဲ၌ ယဉ်ကျေးမှုကပွဲအစီအစဉ်ကိုလည်း ထည့်သွင်းတင်ဆက်ခဲ့ရာ ကူဝိတ်ရှိ မြန်မာ အသိုက်အဝန်းအကူအညီဖြင့် “တောင်ရာဝင်ချိန်”၊ “မင်္ဂလာပါ” သီချင်းတို့ဖြင့် တေးသရုပ်ဖော် ကပြတင်ဆက်မှုများဖြင့် ပါဝင်တင်ဆက်ခဲ့ပါသည်။



