COVID-19 ကပ်ရောဂါကြောင့် အသွားအလာကန့်သတ်ခံနေရသည့် ထိုင်းနိုင်ငံ၊ စမွတ်စခွန်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မြန်မာအစိုးရက စားနပ်ရိက္ခာများထောက်ပံ့
(၂၅-၁-၂၀၂၁ ရက်၊ နေပြည်တော်)
လတ်တလော COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကြောင့် ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ ငါးပုစွန်ဈေးဧရိယာတွင် အသွားအလာကန့်သတ်ခံနေရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မြန်မာအစိုးရမှ ထောက်ပံ့သည့် စားနပ်ရိက္ခာများကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်သည့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့သည်။
သံအမတ်ကြီး ဦးမျိုးမြင့်သန်း ဦးဆောင်သည့် သံရုံး၊ စစ်သံရုံး၊ အလုပ်သမား သံအရာရှိရုံးတို့မှ တာဝန်ရှိသူများသည် စမွတ်စခွန်ခရိုင် တလာကုပုစွန်ဈေးအနီး အသွားအလာ ကန့်သတ်ခံနေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား အိမ်ခန်း (၁၃၅၀) ခန့်အတွက် ဆန်(၅) ကီလိုဝင်အိတ် (၁၃၅၀) အိတ်၊ ဆီ (၁) လီတာဗူး (၁၃၅၀) ဗူး၊ ပဲ (၅၀၀) ဂရမ်ပါ (၁၃၅၀) အိတ်၊ ကြက်ဥ (၁၅) လုံးပါ ကတ် (၁၃၅၀) ကတ်၊ စည်သွပ်ဗူး (၁၀) ဗူးပါ (၁၃၅၀) ကတ်၊ သောက်ရေသန့် (၆) လီတာပါ (၉၄၅၀) ဗူးတို့အား ၂၃-၁-၂၀၂၁ ရက်တွင် သွားရောက်လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့အတူ မြန်မာသံရုံး၊ ဒုတိယအကြီးအကဲ သံအမတ် ဦးစန်းဦးမောင် ဦးဆောင်သည့် သံရုံး၊ အလုပ်သမားသံအရာရှိရုံး၊ အချက်အလက်ကောက်ယူရေးဌာနခွဲ (မဟာချိုင်) မှ တာဝန်ရှိသူများသည် စမွတ်စခွန်ခရိုင် တလေထိုင်းငါးဈေးအနီး မြန်မာရွှေ့ပြောင်းအလုပ်သမား အိမ်ခန်း (၃၆၀) ခန်းအတွက် ဆန် (၅) ကီလိုဝင်အိတ် (၃၆၀) အိတ်၊ ဆီ (၁)လီတာဗူး (၃၆၀) ဗူး၊ ပဲ (၅၀၀)ဂရမ်ပါ (၃၆၀)အိတ်၊ ကြက်ဥ (၁၅) လုံးပါကတ်(၃၆၀)ကတ်၊ စည်သွပ်ဗူး (၁၀) ဗူးပါ (၃၆၀) ကတ်၊ သောက်ရေသန့် (၆) လီတာပါ (၂၅၂၀) ဗူးတို့အား အဆိုပါနေ့တွင်ပင် သွားရောက်လွှဲပြောင်းပေးအပ်ခဲ့သည်။
မြန်မာအလုပ်သမားများ အသွားအလာကန်သတ်ခဲ့ရသည့် ၁၉-၁၂-၂၀၂၀ ရက်မှစတင်၍ မြန်မာသံရုံး၊ ဗန်ကောက်မြို့နှင့် အလုပ်သမားသံအရာရှိရုံးတို့သည် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် အမြဲမပြတ် ဆက်သွယ်လျက် လိုအပ်သည့် ကူညီထောက်ပံ့ပေးမှုများကို အချိန်နှင့်တစ်ပြေးညီရရှိရေး ဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် အဆိုပါဒေသတွင် လတ်တလော COVID-19 ရောဂါ ကူးစက်ပြန့်ပွားနေမှု ဖြစ်စဉ်နှင့် ဆက်စပ်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ရောဂါကူးစက်ခံနေရသူများ၊ အသွားအလာကန့်သတ်ခံနေရသူများ) အနေဖြင့် ကျန်းမာရေး၊ နေထိုင်စားသောက်ရေးအပါအဝင် ရုပ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း၊ ထိခိုက်ခံစားရမှုများ မရှိစေရန်အတွက် ကာကွယ်စောင့်ရှောက်မှုပေးရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မြန်မာအစိုးရအနေဖြင့် ၎င်းတို့ အသွားအလာကန့်သတ်ခံနေရစဉ်အတွင်း နေထိုင်စားသောက်ရေး အဆင်ပြေစေရန် ရှေးရှုလျက် ယခုကဲ့သို့ စားနပ်ရိက္ခာများ ထောက်ပံ့ကူညီပေးခြင်းဖြစ်ပြီး ဆက်လက်၍ မြန်မာသံရုံးအနေဖြင့်လည်း ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ စမွတ်စခွန်ခရိုင်ရှိ တာဝန်ရှိသူများနှင့် ဆက်သွယ်လျက် ၎င်းတို့ထံ သွားရောက်တွေ့ဆုံအားပေးပြီး ဆက်လက်ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။











