(၁၆-၁-၂၀၂၃ ရက်၊ မနီလာ)
ဖိလစ်ပိုင်နိုင်ငံရှိ Colombo Plan Staff College (CPSC)က Labtech International Ltd., နှင့် ပူးပေါင်းစီစဉ်၍ ၁၆-၁-၂၀၂၃ ရက်မှ ၁၉-၁-၂၀၂၃ ရက်အထိ မြန်မာနိုင်ငံအတွက် သီးသန့်ဖွင့်လှစ်ပို့ချသည့် “Automotive Technology Using Virtual TVET” အွန်လိုင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၁၆-၁-၂၀၂၃ ရက်၊ (၁၁၃၀)နာရီတွင် Videoconferencing စနစ်ဖြင့် ကျင်းပရာ မြန်မာသံရုံး၊ မနီလာမြို့မှ သံရုံးယာယီတာဝန်ခံ ဦးစန်းယုကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ခေတ်မှီမော်တော်ယာဉ်များ၏ အင်ဂျင်အခြေခံစနစ်၊ လျှပ်စစ်နှင့် အီလက်ထရောနစ်စနစ်၊ ဘရိတ်စနစ်၊ ဘီးနှင့် ယာဉ်ထိန်းကျောင်း မောင်းနှင်သည့်စနစ်၊ စတီယာရင်နှင့် ယာဉ်အောက်ပိုင်းစနစ်များကို အွန်လိုင်းမှတစ်ဆင့် သင်ကြားမည်ဖြစ်ပြီး၊ မြန်မာနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန တို့မှ သင်ကြားရေးနယ်ပယ်တွင် တာဝန်ထမ်းဆောင်နေသူ (၂၅) ဦး ပါဝင်တက်ရောက် သင်ယူမည် ဖြစ်ပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ CPSC ညွှန်ကြားရေးမှူးချုပ် Professor G.L.D. Wickramasinghe ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးကျော်သူ၊ Labtech International Ltd., မှ Dr. Steven McKee ၊ မြန်မာအင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူများ၊ သင်တန်းသူ၊ သင်တန်းသားများ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



