(၉-၉-၂၀၂၅ ရက်၊ နန်နင်းမြို့)
တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ၉-၉-၂၀၂၅ ရက်နေ့၌ ကျင်းပသော China-ASEAN Countries Forum on Blue Economy Cooperation and Development (CAFBE) သို့ မြန်မာ နိုင်ငံ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း တက်ရောက်ခဲ့ပါသည်။ အဆိုပါဖိုရမ်သို့ တရုတ်သဘာဝသယံဇာတဒုတိယဝန်ကြီး Mr. Cun Shuxian၊ ကွမ်ရှီး ဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Mr. Hu Fan၊ ကမ္ဘောဒီးယားနိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး Mr. Choup Paris နှင့် တရုတ်နှင့် အာဆီယံနိုင်ငံများရှိ အဏ္ဏဝါသိပ္ပံဆိုင်ရာ တက္ကသိုလ်များ၊ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအဝင် နန်နင်းမြို့အခြေစိုက် ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်ကောင်စစ်ဝန်ချုပ်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်စုစုပေါင်း (၅၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။ ဖိုရမ်၌ တရုတ်သဘာဝသယံဇာတဒုတိယဝန်ကြီး Mr. Cun Shuxian အပါအဝင် အဓိက ဧည့်သည်တော်များက အဖွင့်အမှာစကားများ ပြောကြားစဉ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာကြား မဟာဗျူဟာနေရာတွင် တည်ရှိရာ အာဆီယံနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံ များသို့ ဆက်သွယ်ပေးသည့် ဝင်ပေါက်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့် အာဆီယံ နိုင်ငံများတွင် အဏ္ဏဝါဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ရာ ၂၀၂၃ ခုနှစ်တွင် ချမှတ်ခဲ့သော အာဆီယံအဏ္ဏဝါစီးပွားရေးမူဘောင်နှင့် ဒေသတွင်းဆက်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ကျောက်ဖြူရေနက်ဆိပ်ကမ်းစသည့် အရေးပါသည့် အခြေခံအဆောက်အဦများ ကိုလည်း အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထို့ပြင် မိတ်ဖက်နိုင်ငံများနှင့်လည်း ကာဗွန် ထုတ်လွှတ်မှုလျှော့ချရေး၊ အဏ္ဏဝါကာကွယ်ရေး၊ အရည်အချင်းမြှင့်တင်ခြင်းလုပ်ငန်းများ၌လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အခြေခံအဆောက်အဦနှင့် ကာဗွန် ထုတ်လွှတ်မှုလျှော့ချရေး၊ စွမ်းအင်သစ်လုပ်ငန်း၊ မူဝါဒချမှတ်ခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လိုပြီး စမတ် ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိခိုက်မှုမရှိသော ရေကြောင်း သွားလာမှုများတွင် တရုတ်နိုင်ငံမှ အတွေ့အကြုံများကို လေ့လာလိုကြောင်းစသည်ဖြင့် ပြောကြား ခဲ့ပါသည်။ ထို့နောက် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးကြရာတွင် မြန်မာနိုင်ငံ၊ မြိတ်တက္ကသိုလ်နှင့် တရုတ်သဘာဝသယံဇာတဝန်ကြီးဌာန၊ Fourth Institute of Oceanography တို့အကြား Memorandum of Understanding Concerning Scientific Research and Technology Cooperation ကို လက်မှတ်ရေးထိုးခဲ့ပါသည်။

