Bharat International Rice Conference 2025 အခမ်းအနားသို့ သံအမတ်ကြီး ဦးဇော်ဦး ပါဝင်တက်ရောက်

( ၂-၁၁-၂၀၂၅၊ နယူးဒေလီ)
အိန္ဒိယ – နိုင်ငံတကာ ဆန်စပါးညီလာခံ (Bharat International Rice Conference 2025 – BIRC 2025) အခမ်းအနားကို အိန္ဒိယဆန်တင်ပို့သူများအဖွဲ့ချုပ် (IREF) နှင့် စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်တင်ပို့မှုမြှင့်တင်ရေးအာဏာပိုင်အဖွဲ့ (APEDA) တို့က ဦးစီး၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နှင့် ၃၁ ရက်နေ့တွင် နယူးဒေလီမြို့ရှိ Bharat Mandapam အဆောက်အအုံ၌ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီးဦးမင်းမင်းနှင့်အတူ မြန်မာသံအမတ်ကြီး ဦးဇော်ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲ အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းက ဂုဏ်ထူးဆောင်ဧည့်သည်တော်အနေဖြင့် အမှာ စကားပြောကြားခဲ့ပြီး ဒေသတွင်းစားနပ်ရိက္ခာဖူလုံမှုရှိစေရေးအတွက် ဆန်၊ စပါး ကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများကို ပြောကြားခဲ့ပါသည်။ BIRC 2025 အခမ်းအနားနှင့်အတူ ကုန်စည်ပြပွဲကိုလည်း ထည့်သွင်းကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ မြန်မာပြခန်းပါဝင်ပြသခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ နိုင်ငံပေါင်း (၇၀) ကျော် မှ စီးပွားရေးကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များနှင့် ဆန်၊စပါးလုပ်ငန်း ကဏ္ဍတန်ဖိုးကွင်းဆက် တစ်လျှောက်ရှိ ကုန်သည်၊ လုပ်ငန်းရှင်များ စုစုပေါင်း ၂၅၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြ ကြောင်း သိရှိရပါသည်။
ထို့အတူ သံအမတ်ကြီး ဦးဇော်ဦးသည် အောက်တိုဘာလ ၃၁ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် အိန္ဒိယနိုင်ငံ စားသုံးသူရေးရာ၊ အစား အသောက်နှင့်ဖြန့်ဖြူးရေးဝန်ကြီးဌာနမှ Minister of State ဖြစ်သူ Shri B.L. Verma နှင့် တွေ့ ဆုံပွဲအခမ်းအနားသို့လည်း တက်ရောက်ခဲ့ပါသည်။ အဆိုပါ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲတွင် နှစ်နိုင်ငံအကြား ပဲမျိုးစုံတင်ပို့မှုတိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍ များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။