(၁၄-၁-၂၀၂၃ ရက်၊ နယူးဒေလီ)
အာဆီယံ-အိန္ဒိယ ဆွေးနွေးဖက်ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ်အဖြစ် အာဆီယံ- နယူးဒေလီ ကော်မတီမှ ASEAN- India BAZAAR ကို နယူးဒေလီမြို့ရှိ ထိုင်းသံရုံး၌ ၁၄-၁-၂၀၂၃ ရက် (စနေနေ့) တွင် ကျင်းပခဲ့ရာ မြန်မာသံရုံးမှ ပါဝင်ခင်းကျင်းပြသခဲ့ပါသည်။
အဆိုပါ စျေးပွဲတော်တွင် နယူးဒေလီမြို့ အခြေစိုက် အာဆီယံနိုင်ငံများ ဖြစ်ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရိုးရာအစားအစာများ၊ ပန်းချီကားများ၊ လက်မှုပစ္စည်းများ၊ အဝတ်အထည်များဖြင့် ပါဝင်ခင်းကျင်းပြသ ရောင်းချခဲ့ကြပြီး အဓိကဧည့်သည်တော်အဖြစ် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ အင်ဒို-ပစိဖိတ်ဌာန တွဲဖက်အတွင်းဝန် Ms Geetika Srivastava မှ တက်ရောက်ခဲ့ကာ နယူးဒေလီမြို့ အခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံတမန်များ၊ အိန္ဒိယနိုင်ငံသား အများအပြား လာရောက်လည်ပတ်၍ ဝယ်ယူအားပေးခဲ့ကြပါသည်။
စျေးပွဲတော်၌ အိန္ဒိယနှင့် အာဆီယံနိုင်ငံအချို့မှ အကများဖြင့် ဖျော်ဖြေခြင်း၊ အာဆီယံဉာဏ်စမ်းပဟေဠိ ယှဉ်ပြိုင်ခြင်းနှင့် ရိုးရာအစားအစာ မိတ်ဆက်ချက်ပြုတ်ပြသခြင်း စသည်တို့ကိုလည်း တစ်ပြိုင်နက် ပြုလုပ်ခဲ့ပါသည်။
ASEAN-India Bazaar သို့ မြန်မာသံအမတ်ကြီးနှင့် မြန်မာသံရုံးဝန်ထမ်းများ၊ မိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ကြပြီး မြန်မာရိုးရာ အစားအစာ၊ မြန်မာ့ယဉ်ကျေးမှု ရိုးရာယွန်းထည်ပစ္စည်းများ၊ မြန်မာ့ကျောက်စိမ်းလက်ဝတ် ရတနာများ၊ မြန်မာ့သဲပန်းချီ၊ ပုသိမ်ထီး၊ မြန်မာ့သဘာဝ ဆိုးဆေးအသုံးပြုထားသည့် ချည်ထည်များ၊ အသုံးအဆောင် ပစ္စည်းများအား ခင်းကျင်းပြသ ရောင်းချခဲ့ကြောင်း သိရှိရပါသည်။








