(၈- ၈- ၂၀၂၅ ရက်၊ ပေကျင်း)
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် လက်ရှိ ပေကျင်းအာဆီယံကော်မတီဥက္ကဌနှင့် ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Chatchai Viriyavejakul မှ ကြီးမှူး၍ ပေကျင်းမြို့ St. Regis Hotel ဒုတိယထပ်ရှိ The Great Hall 3 ခန်းမ၌ တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့လည်းကောင်း၊ Beijing International Club ၌ ကျင်းပသည့် ASEAN Day အထိမ်းအမှတ် အလံတင်အခမ်းအနား၊ Lifetree Library သို့ အာဆီယံသံရုံးများမှ စာအုပ်လှူဒါန်းခြင်း အခမ်းအနားနှင့် ACB အစည်းအဝေးများသို့လည်းကောင်း အသီးသီး ပါဝင်တက်ရောက်ခဲ့ပါသည်။ ACB အစည်းအဝေးတွင် တက်ရောက်လာသော အာဆီယံသံအမတ်ကြီးများနှင့် ကိုယ်စားလှယ်များက စင်္ကာပူသံရုံးမှ ကြီးမှူး၍ ၁၄-၃-၂၀၂၅ ရက်က ကျင်းပခဲ့သော ပေကျင်းမြို့၊ အာဆီယံကော်မတီ (ACB) ၏ အစည်းအဝေးမှတ်တမ်း (Summary Record) အား အတည်ပြုခဲ့ပြီး၊ အာဆီယံ-တရုတ် ဆွေးနွေးဖက်ဆက်ဆံရေး၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ဆက်ဆံရေးတိုးမြှင့် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဒေသတွင်းဖြစ်ပေါ်တိုးတက်မှု အခြေအနေများအားဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ မြန်မာသံရုံးအနေဖြင့် အာဆီယံနေ့အထိမ်းအမှတ်အဖြစ် Beijing International Club ရှိ Lifetree Library သို့ မြန်မာဘာသာမှ တရုတ်ဘာသာ ပြန်ဆိုထားသော ခေတ်ပေါ် မြန်မာဝတ္ထုစာအုပ် (၅) အုပ်၊ မြန်မာသံရုံးနှင့် Beijing Psearcher Business Company Limited တို့ပူးတွဲ ထုတ်ဝေသည့် မြန်မာစီးပွားရေးလမ်းညွှန်စာအုပ် (၁) အုပ်နှင့် ရန်ကုန်မြို့၊ တရုတ်သံရုံးမှ မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် မဂ္ဂဇင်းတစ်စောင်တို့ကို ပါဝင်လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါ အလုပ်သဘောနေ့လယ်စာစားပွဲနှင့် ASEAN Day အထိမ်းအမှတ် အခမ်းအနားများသို့ ပေကျင်းမြို့အခြေစိုက် အာဆီယံသံအမတ်ကြီးများနှင့်အတူ ASEAN-China Centre အတွင်းရေးမှူးချုပ် H.E. Mr. Shi Zhongjun နှင့် တီမောလက်စ်တေသံရုံးမှ ကိုယ်စားလှယ် (၂) ဦး လည်း တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

