

(၁၉-၈-၂၀၂၁ ရက် ၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးသည် ၁၉-၈-၂၀၂၁ ရက်နေ့ နံနက် ၀၆၃၀ တွင် video conference စနစ်ဖြင့် ကျင်းပသည့် ASEAN-Brazil Open Ended Troika အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ တက်ရောက်ခဲ့ပါသည်။
ဤအစည်းအဝေးကို ဘရူနိုင်းနိုင်ငံခြားရေးဝန်ကြီး(၂) H.E. Dato Erywan Pehin Yusof နှင့် ဘရားဇီးနိုင်ငံခြားရေးဝန်ကြီး H.E. Carlos Alberto Franca တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများက နိုင်ငံခြားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ အာဆီယံနှင့် ဘရားဇီးနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ နည်းပညာပူးပေါင်း ဆောင်ရွက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၌ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပင်လယ်ရေကြောင်းလုံခြုံရေး ကိစ္စရပ်တို့တွင် ပူးပေါင်းဆောင်ရွက်ရန်နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ပါသည်။
အစည်းအဝေး၌ အမြဲတမ်းအတွင်းဝန်က အာဆီယံနှင့် ဘရာဇီးနိုင်ငံတို့အကြား နည်းပညာဖလှယ်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍ၊ ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်နိုင်ရေး၊ စွမ်းအင်ဆိုင်ရာ အာဆီယံဗဟိုဌာနမှတစ်ဆင့် သတင်းအချက် အလက်မျှဝေရေးအပါအဝင် လုပ်ထုံးနည်းနာများကို အချိန်နှင့် တပြေးညီဖလှယ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။

