(၄-၆-၂၀၂၅ ရက်၊ ဟောင်ကောင်)
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကောင်စစ်ဝန်ချုပ်ရုံးသည် ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၂ ရက်အထိ ကျင်းပသည့် Art Hong Kong Expo 2025 တွင် ပါဝင်ခဲ့ပါသည်။ ပြပွဲတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ယွန်းထည်ပစ္စည်းများကို ပြသခဲ့ပါသည်။ ထို့ပြင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ကူညီမှုဖြင့် အောင်ဇေပုလဲနှင့် လက်ဝတ်ရတနာကုမ္ပဏီက မြန်မာ့ပုလဲ၊ ကျောက်စိမ်းနှင့် မုတ်ကောင်ခွံဖြင့် ပြုလုပ်ထားသည့် အနုပညာပစ္စည်းများကို ပြပွဲ၌ ပါဝင်ခဲ့ပါသည်။
Art Hong Kong Expo 2025 သည် (၄) ကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အမျိုးသားအနုပညာနှင့် ယဉ်ကျေးမှုပြပွဲ၊ (၇) ကြိမ်မြောက် ဟောင်ကောင်အပြည်ပြည်ဆိုင်ရာ အနုပညာနှင့် စုဆောင်းဖွယ်ရာပစ္စည်းများပြပွဲနှင့် အဓိက Art Hong Kong ပြခန်းတို့ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်ပါသည်။ ပြသထားသည့် အရာများတွင် တရုတ်ပန်းချီနှင့် ကမ္ပည်းမင်စာများ၊ ကြေးထည်နှင့် မြေထည်လက်ရာများ၊ ရှေးဟောင်းပစ္စည်းများ၊ ရွှေထည်နှင့် ငွေထည်လက်ရာများ၊ ကျောက်စိမ်း၊ ယွန်းထည်များ၊ ကျောက်မျက်ရတနာများ၊ ပန်းပု၊ ဓာတ်ပုံပညာ၊ ခေတ်မီ အနုပညာနှင့် တပ်ဆင်မှု အနုပညာများ ပါဝင်သည်။ အဆိုပါပြပွဲတွင် ပြခန်းပေါင်း ၃၀၀ ကျော် ပါဝင်ပြီး လာရောက် ကြည့်ရှုသူ ၃၀,၀၀၀ ကျော်ကို ဆွဲဆောင်နိုင်ရန် မျှော်လင့်ကြောင်း သိရှိရပါသည်။
***************

