(၃၀–၁၁–၂၀၂၂ ရက်၊ ဗီယင်ကျန်း)
လာအိုနိုင်ငံ သံတမန်အသိုက်အဝန်းရှိ အမျိုးသမီးများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှု ပိုမိုရရှိစေရန် ရည်ရွယ်လျက် လာအိုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လာအို အမျိုးသမီးများအသင်းက ကြီးမှူး၍ နှစ်စဉ်ကျင်းပသည့် “Annual Tea Party 2022 for Female Diplomatic Community” အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၈ရက်၊ နံနက် ၀၉၀၀ မှ ၁၅၀၀ အထိ ဗီယင်ကျန်းမြို့ရှိ International Cooperation and Training Centre (ICTC) တွင် ကျင်းပခဲ့ပါသည်။
မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့အနေဖြင့် အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ပြီး သံတမန် အသိုက်အဝန်းရှိ အမျိုသမီးများနှင့် ရင်းနှီးနွေးထွေးစွာ တွေ့ဆုံခဲ့ပါသည်။ ထို့အပြင် အမျိုးသား ယဉ်ကျေးမှုဆိုင်ခန်း ဖွင့်လှစ်၍ မြန်မာ့တွင်းထွက်ကျောက်မျက်များဖြင့် စီခြယ်ထားသည့် ကျောက်စီ ပန်းချီကားများ၊ မြန်မာမှု ရွှေချည်ထိုး ငွေချည်ထိုးပန်းချီကားများနှင့် မြန်မာ့ တွင်းထွက်လက်ဝတ်ရတနာများနှင့် အသုံးအဆောင်များကို ခင်းကျင်းပြသ၍ ရောင်းချခဲ့ပါသည်။
အခမ်းအနားသို့ လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ ဇနီးဖြစ်သူ Madam Alouny KOMMASITH ဦးဆောင်၍ လာအိုနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမျိုးသမီး အရာထမ်း/ အမှုထမ်းများ၊ လာအိုနိုင်ငံရှိ အမျိုးသမီး သံအမတ်ကြီးများ၊ သံအမတ်ကြီးများ၏ ဇနီးများ၊ အမျိုးသမီးသံတမန်များနှင့် သံတမန်များ၏ ဇနီးများနှင့် အခြားဖိတ်ကြားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် လာအိုနိုင်ငံ၊ အမျိုးသမီးများအသင်းနှင့် လာအိုနိုင်ငံ အခြေစိုက် သံရုံးများက ရိုးရာယဉ်ကျေးမှုဆိုင်ရာ သီဆိုကပြမှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး၊ နိုင်ငံအလိုက် ဆိုင်ခန်းများ ဖွင့်လှစ်၍ ရိုးရာအစားအသောက်များနှင့် ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ် အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသရောင်းချခဲ့ကြောင်း သိရှိရပါသည်။









