AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုအကူအညီ စီမံခန့်ခွဲရေးဆိုင်ရာ မြန်မာလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များက ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

(၂၀-၄-၂၀၂၂ ရက်၊ နေပြည်တော်)

“AHA Centre မှ တစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူ အညီစီမံခန့်ခွဲရေးဆိုင်ရာမြန်မာလုပ်ငန်းအဖွဲ့ (Task Force)” အဖွဲ့ဝင်များဖြစ်ကြသည့် နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ် ရုံးအဖွဲ့ ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့ နှင့် ၂၀-၄-၂၀၂၂ ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်ဖြစ်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးချမ်းအေး၊ အတွင်းရေးမှူးများဖြစ်ကြသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်းနှင့် လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပထမအဆင့်အကောင်အထည်ဖော်ဆောင်မှုအပေါ် ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ ကြပါသည်။ အစည်းအဝေး၌ ကျန်းမာရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံအနှံ့အပြားသို့ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးခြင်းနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ပါသည်။ လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များသည် လက်ဝယ်ရရှိပြီးဖြစ်သည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အမှန်တကယ် လိုအပ်နေသည့် ပြည်သူများထံသို့ ထိရောက်စွာ ပေးပို့နိုင်ရေး ကူညီဆောင်ရွက်ပေးရန် ထပ်လောင်းအတည်ပြုခဲ့ကြပါသည်။

အစည်းအဝေး၌ ကမ္ဘောဒီးယားနိုင်ငံမှ အဆိုပြုသည့် အချက်များအပါအဝင် ဒုတိယအဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများအတွက် ပြင်ဆင်မှုများအပေါ် နှစ်ဖက်အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဒုတိယအဆင့်အတွက် မြန်မာအစိုးရ၏ အစီအစဉ်များနှင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရန်အတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းများအပေါ် ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေး၌ ဒုတိယအဆင့်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရန်အတွက် နည်းလမ်းများ အပေါ် ဆွေးနွေးခဲ့ကြပြီး မြန်မာဖက်လုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များမှ လူသားချင်းစာနာထောက် ထားမှုအကူအညီများကို အမှန်တကယ်လိုအပ်နေသူများထံသို့ ဖြန့်ဝေရာတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းမူဝါဒ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကူအညီလိုအပ်နေသူများအား ခွဲခြားမှုမရှိဘဲ မျှတစွာ ဖြန့်ဝေရန် မြန်မာနိုင်ငံ၏ ခိုင်မာသောဆန္ဒနှင့် အဆင်သင့်ဖြစ်မှုတို့ကို ထပ်လောင်း ပြောကြားခဲ့ပါသည်။