





(၂၆-၄-၂၀၂၂ ရက်၊ နေပြည်တော်)
“AHA Centre မှ တစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၆-၄-၂၀၂၂ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ(၁)၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေး၌ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လက်ခံခြင်းနှင့် နိုင်ငံတစ်ဝှမ်း ဖြန့်ဖြူးခြင်း လုပ်ငန်းများအကောင်အထည်ဖော်မှု အတွေ့အကြုံများအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြပါသည်။ အစည်းအဝေး၌ ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်စဉ်တွင် တွေ့ဆုံဆွေးနွေးခဲ့မှုများ၏ ရလဒ်များကို မှတ်သားခဲ့ကြပါသည်။ အစည်းအဝေး၌ ဒုတိယအဆင့်အကူအညီများအတွက် ကမ္ဘောဒီးယားမှ အဆိုပြုလာသည့် ဦးဆောင်ဦးရွက်ပြုမှုများ၊ ဒုတိယအဆင့်အကူအညီများအတွက် ပထမဆုံးအဆင့်ဖြစ်သည့် ပူးတွဲလေ့လာဆန်းစစ်မှု ဆောင်ရွက်ခြင်းနှင့် မူဝါဒဆိုင်ရာကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး၌ လူသားချင်းစာနာထောက်ထားမှုအကူအညီလုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန် ကမ္ဘောဒီးယားနိုင်ငံ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့နှင့် ပူးပေါင်းလျက် ဆက်လက်ကူညီဆောင်ရွက်သွားရန် ထပ်လောင်း အတည်ပြုခဲ့ကြကြောင်း သိရှိရပါသည်။

